
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၇-၉-၂၀၂၅ ရက်နေ့တွင်ကျင်းပခဲ့သည့် (၄၆)ကြိမ်မြောက် အာဆီယံပါလီမန်များ စည်းဝေးပွဲတွင် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Khuon Sudary နှင့် တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်း ပြည်ထောင်စုမှ နိုင်ငံတော်ညီလာခံ Duma ၏ လက်ထောက်ဥက္ကဌ Sholban Kara-Ool က ကမ္ဘောဒီးယားနှင့် ရုရှားကြား တိုက်ရိုက် လေကြောင်းလိုင်းများ မြှင့်တင်ရန် ကတိပြုခဲ့သည်။ တွေ့ဆုံစဉ် နှစ်ဖက်ခေါင်းဆောင်များသည် နှစ်နိုင်ငံ လွှတ်တော်ဆက်ဆံရေး ခိုင်မာစေရေး၊ တိုးချဲ့ရေးနှင့် နက်ရှိုင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားလွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။ Sudary က ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို အားပေးကူညီရန်နှင့် ရုရှားတွင် ပညာသင်ကြားရန် ကမ္ဘောဒီးယား ကျောင်းသားများအတွက် ပညာသင်ဆုများ ပေးအပ်ရန်၊ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးသည့် Pentagonal Strategy Phase 1 နှင့်အညီ ကူညီလုပ်ဆောင်ပေးနိုင်ရန် ရုရှားနိုင်ငံအား တိုက်တွန်းခဲ့သည်။ Kara-Ool က နှစ်နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးကို တန်ဖိုးထားခဲ့ပြီး ဆက်ဆံရေး နှစ် ၇၀ ပြည့် မိတ်ဖက်ဆက်ဆံရေး ပိုမိုနီးကပ်လာစေရန် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံတကာ ဖိုရမ်များတွင် အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြသည့် လွှတ်တော်နှစ်ရပ်အား ချီးကျူးဂုဏ်ပြုခဲ့ပြီး ကမ္ဘောဒီးယားနှင့် ရုရှားတို့သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပါအဝင် နယ်ပယ်အသီးသီးမှ အတွေ့အကြုံများထံမှ အပြန်အလှန် သင်ယူခဲ့ကြကြောင်း မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် လွှတ်တော်နှစ်ရပ် အကြား အဆင့်မြင့်ခရီးစဉ်များ၊ ဖလှယ်မှုများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ထိန်းသိမ်း ထားရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့သည်။ ယင်းကြိုးပမ်းမှုများသည် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ကာ ပိုမိုနက်ရှိုင်းထိရောက်သော လွှတ်တော်ပူးပေါင်း ဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့က အလေးပေး ပြောကြားခဲ့သည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ် ပထမ (၇) လအတွင်း ကမ္ဘောဒီးယားသို့ ရုရှားခရီးသွား ၄၇,၉၂၉ ဦး လာရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလ ၃၈,၁၅၉ ဦးထက် ၂၅.၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
Source: Khmer Times
DOCA (ရန်ကုန်)