ပြည်ဈေးကွက်တွင် စက်တင်ဘာလတတိယပတ်၌ မန္တလေးဝယ်လက်များက တရုတ်ပြည်ကို တင်ပို့ရန်အတွက် ဝယ်ယူမှုရှိသဖြင့် နှမ်းဈေးမှာဆက်လက်မြင့်တက်လာခဲ့ပါသည်။ ယခုအချိန်တွင် မိုးနှမ်းများထွက်ရှိမှုမှာ ဒေသတွင်းထွက်ရှိမှု သာမကဘဲ နယ်စုံမှထွက်ရှိမှုများလာသဖြင့် ပြည်ဈေး ကွက်သို့ တင်ပို့ရောင်းချကြပါသည်။ အခြားတိုင်းဖြစ်သော ကံမ၊ မြန်အောင်နှင့် သာယာဝတီ ခရိုင်ဖြစ်သော မိုးညိုဘက်မှလည်း နေ့စဉ်နှမ်းအိတ် (၁၅၀၀)ခန့်ကို ပြည်မြို့ရှိပွဲရုံများသို့ တင်ပို့ ရောင်းချမှုရှိသည်ဟု သိရှိရပါသည်။ ပြည်မြို့ရှိ ပွဲရုံများသို့ မန္တလေးဝယ်လက်များက တရုတ်ပြည်သို့ တင်ပို့ရန် အဝယ်ရှိသဖြင့် နေ့စဉ်ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခုအပတ် ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျှက်ရှိသော နှမ်းဈေးများမှာ နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ်ဖြင့် ယခင်စက်တင်ဘာလဆန်းပိုင်းထက်စာရင် နှမ်းဈေးများ မြင့်တက်လာသည်ဟု သိရပါသည်။
DOCA(ပဲခူး)