ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာများစတင်စိုက်ပျိုး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် မကျီးထုံးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၂၇)တွင် ဆောင်းနေကြာ (၃)ဧက စိုက်ပျိုးထားရှိသလို ကွေ့မ၊ ဆင်လူး၊ ဆိတ်တဲကျေးရွာတို့တွင် ဧက(၂၀)ကျော်စိုက်ပျိုးပြီးဖြစ်၍ ယခုနှစ်တွင် မကျီးထုံး ကျေးရွာ အုပ်စုအနေဖြင့် (၈၅)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းနေကြာ တစ်ဧက စိုက်ပျိုးလျှင် နေကြာမျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း သိရပါသည်။ ဆောင်းနေကြာကို စက်တင်ဘာ လနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသလို မိုးစပါးအပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာ တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် နေကြာမျိုးစေ့တစ်ပြည်ကို (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးကြပြီး ယခုနှစ်တွင် မျိုးစေ့တစ်ပြည်ကို (၂၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးရသဖြင့် ယခင်နှစ်ထက်စာလျှင် မျိုးစေ့ဈေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆောင်းနေကြာ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ သွင်းအားစုများ ပါဝင်ခြင်း မရှိသေးသော်လည်း ကျပ်(၂)သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်းသိရပါသည်။ ယခင်နှစ်တွင် နေကြာ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၆၀၀၀၀)ကျပ်ခန့် ရှိခဲ့သဖြင့် ယခုနှစ်တွင် စိုက်ပျိုး စရိတ်၊ သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသဖြင့် တစ်ဧကကုန်ကျစရိတ်များ မြင့်တက်လာ နိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

      နေကြာသီးနှံသည် တောင်သူများအတွက် အကျိုးအမြတ်ရရှိသည့် သီးနှံဖြစ်သည့်အပြင် ပြည်တွင်းစားသုံးဆီဖူလှုံရန်အတွက်လည်း ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊ တစ်ဧကထုတ်လုပ်မှုတွင် အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှု့စရိတ်လျော့ချနိုင်ရေးအတွက် အထွက်နှုန်း ကောင်း မွန်သည့် နေကြာမျိုးများနှင့် နည်းစနစ်မှန်ကန်စွာဖြင့်စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည် ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)