မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။
မလေးရှား၏ စက်တင်ဘာလ စုစုပေါင်း စားအုန်းဆီသိုလှောင်မှုလက်ကျန်မှာ တန်ချိန် ၂.၄ သန်းဖြစ်ပြီး ယခင်လထက် ၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အလားတူ တင်ပို့မှုမှာလည်း တန်ချိန် ၁.၄ သန်းသို့ မြင့်တက်ခဲ့ပြီး လအလိုက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း MPOB က ဆိုသည်။ ပြုပြင်ထုတ်လုပ်ထားသည့် စားသုံးဆီများအပါအဝင် စားအုန်းဆီ တင်သွင်းမှုမှာလည်း ယခင်လကထက် ၃၄ ရာခိုင်နှုန်းခန့် ပိုမိုလျက် တန်ချိန် ၇၈၄၁၃ တန်ရှိကြောင်း သိရှိရပါသည်။
ရိုက်တာ (Reuters) သတင်းဌာန၏ စစ်တမ်းတစ်ခုကမူ စက်တင်ဘာလတွင် မလေးရှား၏ စားအုန်းဆီ သိုလှောင်မှု လက်ကျန်မှာ တန်ချိန် ၂.၁၅ သန်း၊ ထုတ်လုပ်မှုသည် တန်ချိန် ၁.၇၉ သန်း နှင့် တင်ပို့မှုမှာ တန်ချိန် ၁.၄၃ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ မလေးရှားသည် ကမ္ဘာ့ စားအုန်းဆီ ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသည် စားသုံးဆီသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်နေ့ အိန္ဒိယစံတော်ချိန် ၁၁:၃၅ နာရီအချိန်၌ ဘာဆာမလေးရှား ဆင့်ပွား စတော့ဈေးကွက် (Bursa Malaysia Derivatives) တွင် ဒီဇင်ဘာလ၌ ပို့ဆောင်ရန်အတွက် ချုပ်ဆိုသော စားအုန်းဆီ စာချုပ်အများစုသည် တစ်တန်လျှင် ၄၅၈၁ ရင်းဂစ် (၉၅၈၈၆.၇၀ အိန္ဒိယ ရူပီး) နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်နေ့ရက် ဈေးပိတ်သိမ်းခဲ့သည့် ဈေးနှုန်းထက် သုည ဒသမနှစ် ရာခိုင်နှုန်းကျဆင်းသွားသည်။
မလေးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် လက်ကျန်တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ နှိုင်းယှဉ်ကာ အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်ပါအတိုင်း အသေးစိတ်ဇယားဖော်ပြထားကြောင်း တင်ပြအပ်ပါသည်-
အကြောင်းအရာ |
အမျိုးအမည် |
စက်တင်ဘာ(တန်) |
ဩဂုတ်(တန်) |
ပြောင်းလဲမှု(%) |
ထုတ်လုပ်မှု |
စားအုန်းဆီကြမ်း |
1,841,159 |
1,854,766 |
(-)0.73 |
တင်ပို့မှု |
စားအုန်းဆီကြမ်း |
1,427,577 |
1,325,672 |
8 |
ဇီဝဒီဇယ် |
34,958 |
30,833 |
13 |
|
လက်ကျန် |
စားအုန်းဆီကြမ်း |
1,265,832 |
1,076,380 |
18 |
ပြုပြင်ထားသော စားအုန်းဆီ |
1,095,144 |
1,126,033 |
(-)3 |
|
စုစုပေါင်း |
2,360,976 |
2,202,413 |
7 |
Source: Informist Media, 10th October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)