ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌ ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အောက်လွှတ်တော် စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ကော်မတီ၏ အစည်းအဝေးမတိုင်မီ၌ စိုက်ပျိုးရေးဦးစီးဌာန၏ အတွင်းဝန် Francisco Tiu Laurel Jr. က ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး ဆန်တင်သွင်းမှုအပေါ် အကောက်ခွန် နှုန်းထားတိုးမြှင့်ရန် အဆိုပြုလွှာတင်သွင်းထားခြင်းကို လွှတ်တော်က မကြာမီအတည်ပြုလိမ့်မည် ဟု အစိုးရအနေဖြင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက် အောင်မြင်ခြင်း မရှိပါက သမ္မတ Ferdinand Marcos Jr. က အတည်ပြု ထားပြီးဖြစ်သည့် အရန်ပြင်ဆင်ထားသော ယခုအစီအစဉ်က ဆန်တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်သာ ခွင့်ပြုပေးမည်ဖြစ်ပြီး ရှေ့လာမည့် စပါးရိတ်သိမ်းချိန်ကာလကို ကာကွယ် သည့်အနေဖြင့် နောက်တစ်ကြိမ် ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလ အထိ လုပ်ဆောင်လိမ့်မည်ဖြစ်ပါသည်။
လပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးအရည်အသွေးကျဆင်းခြင်းနှင့် ဈေးကွက် ရောင်းလိုအားပိုလျှံမှုတို့ကြောင့် ပြည်တွင်းစပါးဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ ကြောင်း၊၂၀၂၅ စက်တင်ဘာလကုန်အထိ ဖိလစ်ပိုင်သို့ ဆန်တင်သွင်းမှု တန်ချိန် ၃.၅ သန်းရှိခဲ့ပြီး မျှော်မှန်းထားသည့် တန်ချိန် ၂.၇ သန်းထက် တိုးမြှင့်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်တန်ချိန် ၈၀၀၀၀၀ ခန့်ပိုလျှံမှုရှိသဖြင့် နှစ်စဉ်ဆန်တင်သွင်းရန် လိုအပ်ချက်သည် တစ်လလျှင် တန်ချိန် ၃၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်းတန်ချိန် ၃.၆ သန်းသာ ရှိမည်ဖြစ်ကြောင်း အတွင်းဝန် Francisco Tiu Laurel Jr. က ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၄.၇ သန်းကို တင်သွင်းလျက် ကမ္ဘာ့အကြီးဆုံးဆန်တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ကြောင်းသိရှိရပါသည်။
Source : Vietnam Plus, October 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)