ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။
စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. ၊ သကြားလုပ်ငန်းကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (Sugar Regulatory Administration ̶ SRA) မှ အုပ်ချုပ်စီမံခန့်ခွဲရေးမှူး Paul Azcona နှင့် SRA ဘုတ်အဖွဲ့ဝင်နှင့်တောင်သူလယ်သမားကိုယ်စားလှယ် Dave Sanson တို့သည် ၂၀၂၆ ခုနှစ် မေလ သို့မဟုတ် ဇွန်လအထိ သကြားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ညှိနှိုင်းသဘောတူညီခဲ့ကြ သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြထားသည်။
ပထမအကြိမ် သကြားအဝယ်တင်ဒါခေါ်ယူသည့်ကာလ၌ သကြားကုန်ကြမ်းဈေးနှုန်းများ စံချိန်တင်နိမ့်ကျနေခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်အတွက် အဆိုပါအစည်းအဝေးကို အောက်တို ဘာ ၉ ရက်နေ့တွင် Negros ကျွန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ရက်သတ္တပတ် ၃၈ ပတ်ခန့်ရှိသော ကြံရိတ်သိမ်းချိန်ရာသီကာလအတွင်း အဝယ်တင်ဒါများကို အပတ်စဉ် လုပ်ဆောင် ရမည် ဖြစ်သော်လည်း ကုန်သည်များအကြား အရောင်းအဝယ်ပြုလုပ်ရန် နှောင့်နှေးနေခြင်းက အထင်အရှားဖြစ်ပေါ်လျက်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက မှတ်ချက်ပြုထားသည်။
၂၀၂၅-၂၀၂၆ သီးနှံရာသီနှစ်အတွင်း ကြံကြိတ်ဝါးလျက် သကြားထုတ်လုပ်မှု လုပ်ငန်းပြီးဆုံး မည့်အချိန်အထိ ကာလအတွင်း မည်သည့်သကြားတင်သွင်းမှု အစီအစဉ်မဆို အရန်သကြားအဖြစ် သာ သတ်မှတ်မည်ဟု ၎င်းတို့အနေဖြင့် သေချာစွာရှင်းလင်း အသိပေးလိုကြောင်း Mr. Azcona နှင့် Mr. Laurel တို့က ပြောဆိုခဲ့ကြသည်။ တောင်သူကိုယ်စားလှယ် Mr. Sanson ကလည်း ယခု လုပ်ဆောင်ချက်သည် လက်ရှိ အုပ်ချုပ်သူများအနေဖြင့် တောင်သူများ၏ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုအခါ ဈေးကစားမှုများကို ကိုင် တွယ်ဖြေရှင်းထားရှိပြီဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်မှုရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆို ခဲ့သည်။
အစိုးရအရာရှိများသည် ၂ လစာ အရန်သကြားအချော သိုလှောင်ထားရှိမှုကို အစဉ်တစိုက် ထိန်းသိမ်းထားရှိရန် သဘောတူညီခဲ့ကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ဆိုင်းငံ့ကာလအတွင်း တင်သွင်းလာမည့် မည်သည့်သကြားကိုမဆို အရန်ထားရှိမှုအဖြစ် တင်းကျပ်စွာ သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ဈေးကွက်ဈေးနှုန်းကို ထိခိုက်မှု မရှိစေရေးအတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကြံစိုက်ပျိုးမှုဧရိယာသည် ၂၀၂၂ ခုနှစ်မှစတင်၍ သိသာစွာ တိုးတက်လာခဲ့ ရာ ထိုစဉ်က ဧရိယာစုစုပေါင်း ဟက်တာ ၃၈၀၀၀၀ ရှိရာမှ ယခုနှစ်တွင် ဟက်တာပေါင်း ၄၀၉၀၀၀ အထိ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
Source: Philstar.com, 15 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)