ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ပိတ်ပင်ခြင်းက ဗီယက်နမ်ဆန်ပို့ကုန်အပေါ် ဖိအားဖြစ်စေ

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို သက်တမ်းတိုးမြှင့်နိုင်ခြေရှိမှု နှင့်အတူ ၎င်းဈေးကွက်သို့ ဆန်တင်ပို့နိုင်မည့်အခြေအနေမှာ မသေချာမရေရာဖြစ်ပေါ်နေချိန်တွင် လာမည့်နှစ် အစောပိုင်း၌ ဆောင်းအကုန်-နွေအကူး စပါးရိတ်သိမ်းချိန်ရာသီသို့ ရောက်ရှိလာမည် ဖြစ်ရာ ဗီယက်နမ်၏ ဆန်တင်ပို့မှုလုပ်ငန်းအပေါ် သိသာထင်ရှားသည့် ဖိအားများ သက်ရောက်ဖွယ် ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ပြောကြားချက်အရ သိရသည်။

    မူလက စက်တင်ဘာလမှ အောက်တိုဘာလအထိ ဆန်တင်သွင်းမှု ဆိုင်းငံ့ရန် သတ်မှတ် ထားရှိချက်ကို အစိုးရအနေဖြင့် ၂၀၂၅ နှစ်ကုန်အထိ သက်တမ်းတိုးဖွယ်ရှိသည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက ပြောကြားခဲ့ရာ ဗီယက်နမ်အပါအဝင် အဓိက ဆန်ပေးသွင်းသူများအပေါ် သက် ရောက်မှုရှိနိုင်မည့် လုပ်ဆောင်မှုဖြစ်စေခဲ့သည်။

    လက်ရှိ စီစဉ်ထားရှိမှုအရ ဖိလစ်ပိုင်နိုင်ငံသည် ဆန်တန်ချိန် ၃၀၀၀၀၀ ခန့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ယာယီအားဖြင့် ပြန်လည်စတင်၍ တင်သွင်းမည်ဖြစ်သော်လည်း ပြည်တွင်းရှိ တောင်သူများ၏ ပင်မစပါးရိတ်သိမ်းချိန်ဖြစ်သော ဖေဖော်ဝါရီလမှ ဧပြီလအထိ ကာလအတွင်း ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက်  ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်မည်ဖြစ်သည်။

 ‌   ရောင်းလိုအားပိုလျှံခြင်းက ပြည်တွင်းဈေးနှုန်းများအပေါ် ဖိစီးမှုဖြစ်စေပေါ်လျက် တောင်သူ များ ထပ်မံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန် အဆိုပါမူဝါဒကို ရေးဆွဲထားခြင်းဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်သည် ဈေးနှုန်းကျဆင်းမှုကို တားဆီးရန်အတွက် အရေးပေါ် ဆန်စပါးဝယ်ယူရေး အစီ အစဉ်ကို အကောင်အထည်ဖော်ခြင်း၊ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်မှ တစ်ဆင့် သိုလှောင် နိုင်မှုပမာဏကို တိုးချဲ့ခြင်း၊ နိုင်ငံတစ်ဝန်း၌ ကြမ်းခင်းဈေးသတ်မှတ်ခြင်းနှင့် ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းထား တိုးမြှင့်ရန် စီစဉ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။  

     ဆန်တင်သွင်းမှုတားမြစ်ချက် စတင်အသက်ဝင်ချိန်မှစ၍ ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ဈေး နှုန်းသည် ၂၈ ရာခိုင်နှုန်းခန့် မြင့်တက်လာသော်လည်း ယခင်နှစ် ဈေးနှုန်းများနှင့် နှုန်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲဖြစ်သည်။ စက်တင်ဘာလ အစောပိုင်းအထိ ဖိလစ်ပိုင်သည် ဆန် တန်ချိန် ၃ ဒသမ ၅ သန်းခန့် တင်သွင်းခဲ့ပြီး အများစုကို ၎င်း၏ထိပ်တန်းပေးသွင်းသူ ဗီယက်နမ် ထံမှ ရယူခဲ့ခြင်းဖြစ်သည်။

    အကယ်၍ ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေပါက စျေးကွက်တွင် ရောင်းလိုအား ပိုလျှံမှုဖြစ်ပေါ်ပြီး ယခုနှစ်ကုန်အထိ ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း သုံးသပ်သူများက သတိပေးထားသည်။ VFA အသင်း၏ စာရင်းများအရ လက်ရှိကာလတွင် ဆန်ကွဲပါဝင်မှု ၅ ရာခိုင် နှုန်းရှိသော ဗီယက်နမ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅ ၀နှုန်း၊ စံပယ်ဆန်သည် ဒေါ်လာ ၄၉၀ နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲတစ်တန်လျှင်  ၃၁၀ ‌ဒေါ်လာမှ ၃၁၄ ဒေါ်လာအတွင်း ဈေးနှုန်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

    ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုတားမြစ်ချက် သက်တမ်းတိုးမှုသည် အဓိက ဆောင်းအကုန်-နွေအကူး စပါးသီးနှံများ စျေးကွက်သို့ဝင်ရောက်ချိန်ဖြစ်သော ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု အသင်းမှ ပြောကြားခဲ့ပါသည်။

     အဆိုပါတားမြစ်ချက်ကြောင့် ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ သိသိသာသာ ထိခိုက်ခဲ့ရာ စက်တင်ဘာလတွင် ပမာဏအားဖြင့် တန်ချိန် ၄၆၆,၈၀၀ သာရှိလျက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ၅၅ ရာခိုင်နှုန်း ကျဆင်းလျက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၂ သန်းသို့ လျော့နည်း ရရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၆.၈၃ သန်းကို တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် ပမာဏ အားဖြင့် ၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပျမ်းမျှ ဆန်ပို့ကုန် ဈေးနှုန်းမှာ တစ်တန်လျှင် ၅၀၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

    စျေးကွက်တစ်ခုတည်းအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် တန်ဖိုးမြင့်ဆန်များကို အာရုံစိုက် ဆောင်ရွက်နေချိန်တွင် ဗီယက်နမ်နိုင်ငံ အနေဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ ဈေးကွက်များသို့ ပိုမိုချဲ့ထွင်နိုင်ရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

      ထိုကဲ့သို့ ဆန်တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းနေရချိန်၌ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း ဆန်တင်သွင်းမှုအတွက် ဒေါ်လာ ၁.၅၁ ဘီလီယံ သုံးစွဲခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ သွင်းကုန်တန်ဖိုး ကြီးမြင့်မှုသည် ကမ္ဘာ့ထိပ်တန်း ဆန်တင်သည့်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော ဗီယက်နမ် အတွက် အန္တရာယ်ကျရောက်နိုင်သည်ကို မီးမောင်းထိုးပြနေပြီး ဈေးသက်သာသောဆန်များ တင်သွင်းမှုသည် ပြည်တွင်းရှိ တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပျက်ပြား စေနိုင်သည့်အတွက် စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။

Source: Vietnam News, 14 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)