စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ပြုစု ရေးဆွဲလျှက်ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူသဘောထား ဆန္ဒ ရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမတွင် ၂၀-၂-၂၀၁၉ နံနက် ၉နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တက်ရောက်ပြီး ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ USAID-funded Private Sector Development Activity မှ Chief of Party ဖြစ်သူ Mr. Steve Parker ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Direct Selling Law Legal Expert ဖြစ်သူ Ms. Jodaniel က ပြည်ပ နိုင်ငံများ၏ တိုက်ရိုက်ရောင်းချခြင်းဥပဒေများ ပြဌာန်းထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း ဥပဒေမူကြမ်းတွင် ရေးသား ဖော်ပြထားသည့် အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒဂုံ တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာနီလာစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာရီရီလွင် နှင့် ဆရာ/ဆရာမများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင် များနှင့် အထူးဖိတ်ကြားထားသည့် ပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်