မုံရွာမြို့၊ ကန်သာယာဈေးတွင် ဒေသအသီးသီးမှ မျှစ်၊ မှိုများ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် မိုးများစွာရွာသွန်း၍ မျှစ်၊ မှိုများ ပေါက်ရောက်မှု များပြားသဖြင့် ချင်းတွင်းမြစ်၏ တစ်ဖက်ကမ်းဖြစ်သော ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်းမြို့များနှင့် မုံရွာခရိုင်အတွင်းရှိ ဘုတလင်ဒေသမှထွက်သော မျှစ်နှင့်မှိုများ ကန်သာယာဈေးတွင် နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
တောင်ရိုးမျှစ်စိမ်း၊တောင်ရိုးမျှစ်၊ ဖိုဝင်တောင်မျှစ်၊အုတ်ဖိုလက်ပံမျှစ်များနှင့် မှိုနီ၊မှိုဥနက်၊ ဝါးမှို၊ ငှက်ပျောမှိုများ စသည့်ဒေသအခေါ်အဝေါ်များဖြင့် ရောင်းချကြရာ မျှစ်တစ်ပိဿာလျှင် (၁၅၀၀ ကျပ်မှ ၃၀၀၀)အထိ ဈေးရကြောင်း၊ မှိုတစ်ပိဿာလျှင် (၁၀၀၀၀ ကျပ်မှ ၃၀၀၀၀)ကျပ်အထိ အစားစား ရောင်းချရကြောင်း သိရပါသည်။ စားသုံးသူများမှလည်း ရာသီစာဖြစ်၍ ဝယ်ယူစားသုံးသူများပြီး မျှစ်၊ မှို ရောင်းချသူများမှာလည်း မျှစ်ချိုး၊ မှိုရှာသူများထံမှ ဖောက်သည်ယူ ရောင်းချကြရာ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)