ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာမှ ငှက်ပျောစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၆.၉.၂၀၂၂)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုန်းချောင်းအနောက်ဘက်ကမ်းဘေးရှိ သမန်းရင်းကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငှက်ပျောစိုက်တောင်သူနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်မှုအကျိုးအမြတ်အခြေအနေများအား  ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

     ပွင့်ဖြူမြို့နယ်သည်ဥယျဉ်ခြံမြေများ၌ သစ်သီး‌ဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အများ အပြားစိုက်ပျိုးကြရာ မုန်းချောင်းကမ်းနံဘေးတလျှောက်တွင် ငှက်ပျောအား အများဆုံးစိုက်ပျိုး ကြပါသည်။ ငှက်ပျောတွင် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်နှင့် ရခိုင်ငှက်ပျောဟူ၍ရှိရာ ဖီးကြမ်းငှက်ပျော မှာ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဈေးကွက်အနေအထားအရ ဝယ်ယူစားသုံးသူပေါများ၍ လူကြိုက်များ ပါကြောင်း၊ ဖီးကြမ်းငှက်ပျောမှာ အပင်တစ်နှစ်သားအရွယ်တွင် အခိုင်စထွက်ပါကြောင်း ငှက်ပျောဖူးမှ အဖီးများကျလာပြီး အနည်းငယ်ကြီးလာလျှင် အဖူးအားခုတ်ပစ်ရပါကြောင်း၊ မခုတ်ဘဲထားလျှင် အဖူး ၌အပင်၏အားများ ရောက်ရှိပြီး အဖီးသေးတက်ပါကြောင်း၊ (၇)လ(၈)လအကြာတွင် အဖီးရင့်လာပြီ ဖြစ်သဖြင့် အခိုင်ခုတ်ရပါကြောင်း၊ ငှက်ပျောပင်မှခုတ်ရသော ငှက်ပျောဖူးအား အပေါ်ခွံနွာ၍ အတွင်းသားများအား ပါးပါးလှီးပြီး ငှက်ပျောဖူးချဉ်ထည့်၍ စားသောက်ရပါကြောင်း၊ ငှက်ပျောပင်မှာ ပင်ပျို ဖြစ်ပါက အခိုင်တစ်ခိုင်တွင် အဖီး(၇)ဖီး(၈)ဖီးထွက်ရှိပါကြောင်း၊ ပင်ပျို၏အနားတဝှိုက်တွင် သားတက် အပင်ပွားများထွက်ရှိလာပါကြောင်း၊ ၎င်းသားတက်မှ တစ်ခိုင်တွင် (၅)ဖီး(၆)ဖီးထွက်ရှိပါကြောင်း၊ ငှက်ပျောချဉ်မှာ စတင်စိုက်ပျိုးပြီး (၁၀)လကျော်လောက်တွင် အခိုင်စထွက်ပါကြောင်း၊ ပင်ပျိုတစ်ပင်လျှင် (၆)ဖီး(၇)ဖီးထွက်ရှိပါကြောင်း၊ ရခိုင်ငှက်ပျောများအား စီးပွားဖြစ်မစိုက်ကြဘဲ ခြံဘေးပတ်လည်တွင် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန်အတွက်  လေကာပင်အဖြစ်သာအများဆုံး စိုက်ပျိုးကြပါကြောင်း၊ ရှေးလူကြီးများက သူငယ်စာငှက်ပျောအား အခြောက်ခံ၍ ပျားရည်စိမ်၍ သုံးစွဲပါက ဆေးဖက်ဝင်လှသည်ဟု ဆိုးရိုးစကားရှိပါကြောင်း၊ ဖီးကြမ်းငှက်ပျောအား တစ်ဧကလျှင်အပင်ရေ(၈၀၀)ကျော် စိုက်ပျိုးကြသော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် (၇၀၀)ကျော်သာထားရှိပါကြောင်း ၊ ရောင်းချရာတွင်လည်း ငှက်ပျောကုန်သည်များက သုံးဘီးများဖြင့် ရွာအရောက်လာရောက်ဝယ်ယူကြပါကြောင်း၊ မကွေး၊ မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ တညောင်(ဆင်ဖြူကျွန်း)နှင့် ကျောက်ပန်းတောင်းမြို့များ သို့လည်း  ကားများဖြင့်တင်ပို့ရောင်းချရပါကြောင်း၊ ရန်ကုန်၊ မန္တလေးသို့ တစ်ခါတစ်ရံ တင်ပို့ရပါကြောင်း၊ ကုန်သည် များအား (၁၀)ဖီးလျှင် (၁)ဖီးအပိုပေးရပါကြောင်း၊ လက်လီအနေဖြင့် (၆၀၀မှ ၇၀၀)ကျပ်အထိ ရောင်းချရ သော်လည်း အခိုင်လိုက်ဈေးမှာ (၄၅၀၀မှ ၅၀၀၀)ကျပ် အထိသာရရှိကြောင်း၊ လက်ရင်းဖီး (၂)ဖီးလောက် သာ (၁၂)လုံးပါသော်လည်း လက်ဖျားဖီးများတွင် (၁၀)လုံး (၁၁)လုံး သာပါရှိ တော့သဖြင့် အခိုင်လိုက်ဈေးမှာနည်းသွားပါကြောင်း၊ အခိုင်တွင်အဖီးအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါ ကြောင်း၊ စတင်စိုက်ပျိုးချိန်မှ အခိုင်ထွက်ပြီး ဈေးကွက်ဝင် ရောင်းတန်းရောက်ရှိချိန်ထိ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၃၀)သိန်းဝန်းကျင်ရှိ၍ ပင်ပျိုအတွက် တစ်ဧကအကျိုးအမြတ် ကျပ်(၁၂)သိန်းဝန်း ကျင်ရရှိပြီး သားတက်များအား ပြုပြင်ကုန်ကျစရိတ်မှာ တစ်ဧက ကျပ်(၁၅)သိန်းဝန်းကျင်ဖြစ်၍ ကျပ်(၇)သိန်း ဝန်းကျင်အကျိုးအမြတ်ရရှိပါကြောင်း သမန်းရင်းကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးခင်မောင်တင်ထံမှ သိရှိရပါသည်။ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာအများစုမှာ ရွာအနီးဝန်းကျင် မြေကွက်များတွင် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေမပြတ်ရရှိနေသည့်အတွက် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)