ပြောင်းသည် ပြည်တွင်းမွေးမြူရေး အစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြောင်းသည် အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိက တိုက်မှာ အများဆုံးစိုက်ပျိုးကြ၍ မြေအနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ စိုက်ပျိုး ဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာသာ အဓိကထား စိုက်ပျိုးလျက်ရှိ ပါသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ခင်ဉီးမြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အနေနဲ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်ဆန်၊ဖယ်ခုံ၊ ဟိုပုံး၊ ပင်းတယ၊ မိုးနဲမြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ မိုင်းရယ်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်မြို့နယ်များတွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်မိုင်းယန်း၊ မိုင်းဆတ်မြို့နယ်များတွင်လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီနယ်တွင်လည်းကောင်း စိုက်ပျိုးကြပါသည်။
ရှမ်းပြည်နယ်တွင် ပြောင်းကို မိုးရာသီမှာလည်း မိုးပြောင်း၊ ဆောင်းရာသီမှာလည်း ဆောင်း ပြောင်းအနေနဲ့စိုက်ပျိုးကြ၍ တစ်နှစ်ပတ်လုံး ပြောင်းအရောင်းအဝယ်ရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ပြောင်းမျိုးတွေကတော့ ICP(888)၊ ဧကရီ၊ ၉၉၉၊ ၊ ရေဆင်း(၃)စသော မျိုးများကို အများဆုံး အသုံးပြုစိုက်ပျိုးကြတယ်လို့ တောင်သူတစ်ဉီးပြောကြားချက်အရ သိရှိရပါတယ်။
ပြောင်းစိုက်ရန်သင့်တော်တဲ့ မြေအမျိုးအစားတွေကတော့ ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြေအမျိုး အစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန်သာဖြစ်သည့်အတွက် ပြောင်းစိုက်ပျိုး ဖြစ်ထွန်းမှုကောင်းတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် နှစ်စဉ် ပြောင်းစိုက်ပျိုးမှုမှာ ဧက(၈)သိန်းမှ (၉)သိန်း အထိ စိုက်ပျိုးနိုင်ပြီး ပြောင်းတန်ချိန် (၁၂)သိန်းမှ (၁၃) သိန်းနီးပါး အထိ စိုက်ပျိုးထွက်ရှိပါတယ်။ ဈေးနှုန်းဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်း ဒေသတွင်း အသုံးပြုပြီးပိုလျှံပြောင်းများကို မြဝတီနယ်စပ်နှင့် မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့တင်ပို့လျက်ရှိပါတယ်။ နယ်စပ် ပေါက်ဈေးကတော့ တစ်ပိဿာ (၉၄၀)ကျပ် အထိ ပေါက်ဈေးရှိတယ်လို့ နယ်စပ်ဒေသ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံအနေဖြင့် ပြောင်းတင်သွင်းမှုကို ခေတ္တ ရပ်ဆိုင်းထားကြောင်းလည်း သိရှိရပါတယ်။ ဒေသတွင်း ဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်ရှိ ပြောင်းများကို ဒေသတွင်း တိရိစ္ဆာန် အစာစပ် စက်ရုံများသာမက ရန်ကုန်၊ မန္တလေးတိရိစ္ဆာန် အစာစပ်စက်ရုံများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ လက်ရှိဈေးကွက် ပေါက်ဈေးအနေနဲ့ကတော့ တစ်ပိဿာ (၉၅၀) ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပြောင်းကုန်သည် တစ်ဉီးထံမှ သိရှိရပါတယ်။ ယခင်အပတ်က (၉၂၀)ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင် အနည်းငယ် မြင့်တက်လာခဲ့ပါသည်။ မနှစ်က ယခုလိုအချိန်တွင် ဒေသတွင်း ပြောင်းတစ်ပိဿာ (၇၂၀မှ၇၅၀) ကျပ်အထိ၊ နယ်စပ်မှာတော့ (၈၀၀)ကျပ် အထိသာ အမြင့်ဆုံးရှိခဲ့ပါတယ်။ ပြောင်းလက်ကျန် အနေနဲ့ကတော့ ပြောင်းအဟောင်းများကုန်သည် များ လက်ထဲတွင်လက်ကျန်ကုန်နေပြီး ပြောင်းအခြောက်ခံစက်နှင့် ကုမ္ပဏီများထံတွင်သာ အနည်းငယ်ကျန်ရှိတော့ပါကြောင်းနှင့် ပြောင်းအသစ်များမှာတော့ စက်တင်ဘာလမှစ၍ စတင်ထွက် ပေါ်နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ပုံမှန်အားဖြင့် ဈေးကွက်သဘောသဘာဝအရ ဈေးနှုန်းတက်သည်ဆိုသည်မှာ ဝယ်လိုအား များနေတာမျိုးကြောင့်ဖြစ်သည်။ ယခုလို ဈေးနှုန်းတွေတက်နေခြင်းသည် ဝယ်လိုအားများနေခြင်း မျိူး မဟုတ်ဘဲ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသော စိုက်ပျိုးရေးသွင်းအားစုများ ဈေးတက်နေ တာကတစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကြောင့် သယ်ယူပို့ဆောင်ရာတွင် လမ်းခရီးအဆင်ပြေချောမွေ့ မှုများ မရှိနေတာကတစ်ကြောင်း၊ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော အကြောင်း တရားများစွာကြောင့် လည်းကောင်း ဈေးနှုန်းများ အင်မတန်မြင့် တက်လာ တာဖြစ်တယ်လို့ သုံးသပ် မိပါသည်။ ပြောင်းဈေး နှုန်းဈေးကွက်ကောင်းနေပေမယ့် ပြည်ပဈေးကွက်အနေနဲ့ကလည်း ကိုဗစ်ကာလဖြစ်နေ၍ လွတ်လပ်စွာကုန်သွယ်မှုမပြုနိုင်ခြင်း၊ ပြည်တွင်း တိရိစ္ဆာန် အစာစပ် စက်ရုံများသို့လဲ သယ်ယူပို့ဆောင်မှု အခက်အခဲ အနည်းငယ်ရှိနေတာကြောင့် အပြည့်အဝရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ခြင်း တို့ကြောင့် တောင်သူများအနေနဲ့ ယခင်ပြောင်းရောင်းဝယ်ဖောက်ကားတဲ့ အချိန်များထက်စာရင် စိန်ခေါ်မှု တစ်ရပ် နှင့်ကြုံတွေ့နေကြရတယ်လို့ သုံးသပ် ရေးသားလိုက် ရပါသည်။
DOCA(ရှမ်း)