မုဒုံမြို့နယ်တွင် မိုးစပါးများ ဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

Powered by Drupal

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးများဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါး နဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီက ကျောက်တလုံးကျေးရွာရှိ တောင်သူ ဦးရာဂျူး၏ လယ်ကွင်းအမှတ် (၈၂၈) တွင် ပြုလုပ်ခဲ့သည်။

   ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်း ကျော်က ဥကပ်မှပေါက်လာသော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများသည် စပါးသီးနှံနှင့် စားသုံး သီးနှံတို့၏ အဓိက ဖျက်ပိုးဖြစ်သည့် ဆစ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်လိပ် အိမ်ပိုး၊ ငမြှောင်တောင် ပိုးများ၏ ဥများကို ကပ်ပါးပြု၍ ဇီဝနည်းဖြင့် နှိမ်နင်းပေးနိုင်ပုံ၊ ဥကပ်ပါးနဂျီအသုံးပြုနည်း၊ ရည်ရွယ်ချက်နှင့် ဥကပ်ပါးနဂျီမှ ဖျက်ပိုးဥအတွင်း ဖွံ့ဖြိုးကြီးထွားမှု အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး လယ်ဧကအတွင်း လက်တွေ့သရုပ်ပြသ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ က ကြည့်ရှုအားပေးခဲ့သည်။

   အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကို အသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးဝင် ဖျက်ပိုးများကို ဥအဆင့်မှစ၍ နှိမ်နင်းနိုင်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်မှု မရှိစေဘဲ သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ကင်းဝေးစေနိုင်ကြောင်း၊ သီးနှံစိုက်ခင်းရှိ အခြားသက်ရှိများ မြေ၊ ရေနှင့် လေထုတို့ကို အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများနှိမ်နင်းရာတွင် ရေရှည်အသုံးပြုနိုင်ကာ ကုန်ကျစရိတ်သက်သာ၍ လုံခြုံစိတ်ချရသော စားသုံးသီးနှံများကို ထုတ်လုပ်ပေးနိုင်မည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။

DOCA (မွန်)