တောင်ငူမြို့မှ ထက်အောင်လင်း ငှက်ပျောခြောက်လုပ်ငန်း

Powered by Drupal

       တောင်ငူမြို့ အမှတ်(၁၄)ရပ်ကွက်၊ ဦးစက်ဝန်းလမ်းရှိ ထက်အောင်လင်း ငှက်ပျောခြောက် လုပ်ငန်းတွင် ငှက်ပျောခြောက်အတွက်လိုအပ်သောကုန်ကြမ်းများကို တောင်ငူမြို့ အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ် သံတောင်မြို့နယ်မှ အခြောက်လှန်းပြီးသား ငှက်ပျောသီးများနှင့် မလှန်းရသေးသော ငှက်ပျောအစို နှစ်မျိုးလုံးအား ဝယ်ယူသော်လည်း ယခုကဲ့သို့ မိုးရာသီ ကာလများတွင် အခြောက်လှန်းပြီးသား ငှက်ပျောသီးများကိုသာ ဝယ်ယူပါသည်။ ငှက်ပျောခြောက် ပြုလုပ်ရာတွင် နေလှန်းပြီးသောငှက်ပျောခြောက်များအား ပျားရည်၊ ပဲဆီတို့နှင့် နှပ်ပြီး (၁)ရက်ခန့် ပေါင်းထား၍ ပါကင်ထုပ်ပိုးပြီး ဈေးကွက်ဝင် ငှက်ပျောခြောက်ထုပ်များ ‌ရောင်းချကြပါသည်။

    ငှက်ပျောခြောက်ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ရိုးရိုးအိတ်ဖြင့် ထုပ်ပိုးထားသော ငှက်ပျော ခြောက် (၁)ထုပ်လျှင် ၄၅၀ ကျပ်နှုန်းဖြင့် ဖောက်သည်ပေးပြီး၊ ပါကင်ဗူးဖြင့် ထုပ်ပိုးထားသော ငှက်ပျောခြောက် (၁)ဗူးလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဖောက်သည် ပေးသွင်းရကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှု အနေဖြင့် (၁)လလျှင် ငှက်ပျောခြောက်ထုပ် ၄၀၀၀ မှ ၆၀၀၀ ခန့်ထိ ထုတ်လုပ်နိုင်ပြီး လုပ်သားအင်အား (၅)ဦးအား စားရိတ်ငြိမ်း (၁)ဦးလျှင် တစ်လ ၆၀၀၀၀ ကျပ်၊ ၉၀၀၀၀ ကျပ်နှင့် ၁၂၀၀၀၀ ကျပ်အထိ ပေးကာ ငှားရမ်းထားကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ထက်အောင် လင်း အမှတ်တံဆိပ် ငှက်ပျောခြောက်မှာ မိဘဘိုးဘွား လက်ထက်ကတည်းက ထုတ်လုပ်ရောင်းချလာသော အမှတ်တံဆိပ် ဖြစ်ပါသည်။ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံမြို့တို့ အထိအောင် တင်ပို့ရောင်းချလျှက်ရှိကြောင်း ငှက်ပျောခြောက်လုပ်ငန်းပိုင်ရှင် ဒေါ်နီနီအောင်၏ ပြောကြားချက်အား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)