မလေးရှားနိုင်ငံသည် ကမ္ဘာ့ဝါးဝယ်လိုအားကို ဖြည့်ဆည်းရန် ဝါးလုပ်ငန်းများ တိုးချဲ့မည်

Powered by Drupal

မလေးရှားနိုင်ငံသည် ကမ္ဘာ့ဝါးဝယ်လိုအား တိုးနေသည့်အပေါ် ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အတွက် ဝါးလုပ်ငန်းကို တိုးချဲ့သွားမည်ဖြစ်ကြောင်း မလေးရှားအရာရှိ တစ်ဦးက ပြောကြားခဲ့ ပါသည်။

          ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝါးတင်ပို့မှု၏ ကမ္ဘာ့တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၀.၇၈ ဘီလီယံရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၇၄.၂၆ ဘီလီယံ အထိ တိုးတက်လာမည်ဟု ခန့်မှန်း ထားကြောင်းနှင့် ဤကြီးထွားနေသော ဈေးကွက်ကို အသုံးချခြင်းဖြင့် မလေးရှားနိုင်ငံကို စီးပွားရေး အရ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည် ဒုတိယဝန်ကြီး Chan Foong Hin က ပြောကြားခဲ့ပါသည်။

          မလေးရှားနိုင်ငံရှိ ဝါးစိုက်ပျိုးမှုသည် ယခုအခါ ဟက်တာ ၄၀၀၀ ကျပ်ရှိပြီး အများစုကို ပြည်တွင်းဈေးကွက်လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် ပုဂ္ဂလိက ကဏ္ဍက တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

          Chan က ဒေသအတွင်း စွန့်ဦးတီထွင်သူ ၅၇၇ ဦးကျော်သည် ဝါးနှင့် ဆက်စပ်သော လုပ်ငန်း အသီးသီးတွင် ပါဝင်လုပ်ကိုင်နေကြပြီး ဝါးကိုရိုးရာပစ္စည်းအဖြစ် သတ်မှတ်ခြင်း မရှိတော့ဘဲ ခေတ်မီ၍ ယှဉ်ပြိုင်နိုင်သော ကုန်ပစ္စည်းတစ်ခုအဖြစ် အလားအလာများစွာရှိ နေကြောင်း Chan က ပြောကြားခဲ့ ပါသည်။

          တန်ဖိုးမြင့် ဝါးထုတ်ကုန် တီထွင်ဆန်းသစ်မှု၊ ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီ နည်းပညာများ အသုံးပြုခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအနေဖြင့် မလေးရှား သစ်လုပ်ငန်း ဘုတ်အဖွဲ့ (MTIB) နှင့် ပူးပေါင်းညှိနှိုင်းကာ တန်ဖိုးမြင့် ကုန်ချောများ ဆိုင်ရာ လေ့လာမှု အမျိုးမျိုးကို ဆောင်ရွက်လျက်ရှိပါသည်။

          ၄င်း ကြိုးပမ်းမှုများသည် ဝါးအခြေခံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေရုံသာမက နည်းပညာဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)