ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးအား ဦးထိပ် ထား၍ ရန်ကုန်မြို့၊ ဓမ္မစကြာရိပ်သာကျောင်းတိုက်ဆရာတော်၊ သိမ်တောင်တိုက်သစ်ကျောင်း ဓာတ်တော်ပြတိုက် ဆရာတော်များနှင့် မလေးရှားနိုင်ငံမှ အလှူရှင်ဖြစ်သော Dr. Teo Choo Guan (Chairman of WAKI International Group) Malaysia မှ ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ပင့် သံဃာဆရာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ ငါးပါးသီလ ခံယူတော်ဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညို ကြသည်။

   ဆက်လက်၍  ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များမှ   ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင် မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

DOCA(ရှမ်း)