စက်တင်ဘာလတွင် မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှုကျဆင်းခဲ့သည့် ဟွန်ဒါဗီယက်နမ်

Powered by Drupal

             စက်တင်ဘာလတွင် ဟွန်ဒါဗီယက်နမ်သည် မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှု ၂ ခု စလုံးတွင် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်းနှင့် ၅၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဟွန်ဒါဗီယက်နမ်၏ စီးပွားရေးအစီရင်ခံစာအရ စက်တင်ဘာလတွင် မော်တော်ဆိုင်ကယ်လက်လီရောင်းချမှုသည် အစီးရေ ၁၆၃၇၈၇ စီးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီ လမှ စက်တင်ဘာလအထိဘဏ္ဍာနှစ်တွင် စုစုပေါင်းမော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ အစီးရေ ၁၀၂၈၁၈၃ စီးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချမှုအပြင် ဟွန်ဒါဗီယက်နမ်သည် အပြည့်အဝတပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ် အစီးရေ ၁၇၀၆၆ စီးကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက စုစုပေါင်းကျဆင်းမှုများဖြစ်ပေါ်နေသော်လည်း Vision ၊ Wave Alpha ၊ Air Blade နှင့် SH Mode တို့ပါဝင်သည့် ရောင်းအားအကောင်းဆုံးမော်ဒယ်များမှာ ၎င်းတို့၏ ဒီဇိုင်း၊ လောင်စာသက်သာမှုနှင့် တည်ငြိမ်သည့်အရည်အသွေးတို့ကြောင့် စားသုံးသူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလတွင် ဟွန်ဒါဗီယက်နမ်သည် ကားအစီးရေ ၁၇၀၄ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၅၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းကားရောင်းချရမှုမှာ အစီးရေ ၁၁၇၄၅ စီးထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)