ဈေးကွက် ၂၆ ခုသို့ ဆန်တိုးမြှင့်တင်ပို့ရန် အိန္ဒိယကြိုးပမ်း

Powered by Drupal

 

          အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ကောင်းမွန်သောနှုန်းထားဖြင့် တိုးတက်လျက်ရှိပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗြိတိန်နှင့် မက္ကဆီကို အပါအဝင် ကမ္ဘာ့ဈေးကွက် ၂၆ ခုသို့ တိုးမြှင့်တင်ပို့ရောင်းချရန် ကြိုးပမ်းနေသည်ဟု အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ဥက္ကဋ္ဌ Abhishek Dev က အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

          အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ စက်တင်ဘာလတွင် ၃၃ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်လျက် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၂၅ သန်းရှိခဲ့ပြီး ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဆန် တင်ပို့မှု တန်ဖိုးသည် ၁၀ ရာခိုင်နှုန်းတိုးတက်လျက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

          APEDA အာဏာပိုင်အဖွဲ့သည် နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းပေးသည့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လက်ရုံးတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဆိုပါ ဈေးကွက် ၂၆ ခုသို့ ဆန်တင်ပို့မှုကို ချဲ့ထွင်နိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း ဘာရတ် နိုင်ငံတကာ ဆန်စပါးညီလာခံ (Bharat International Rice Conference (BIRC) 2025) နှင့်ပတ်သက်သည့် ကိစ္စရပ်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် Mr. Dev မှ သတင်းထောက်များအား ပြောကြားခဲ့သည်။

          အဆိုပါ ၂၆ နိုင်ငံတွင် ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ အီရတ်၊ အမေရိကန်၊ မလေးရှား၊ တရုတ်၊ ပြင်သစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘရာဇီး၊ တောင်အာဖရိက၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ဂျာမနီနှင့် ကင်ညာနိုင်ငံတို့ ပါဝင်သည်။ ယင်းနိုင်ငံများသည် အိန္ဒိယ၏ ပြိုင်ဘက်ဖြစ်သည့် ပါကစ္စတန်ထံမှ ဆန်အများအပြားကို တင်သွင်းလျက်ရှိသည်။

          APEDA နှင့် အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ် (IREF) တို့ ပူးပေါင်းစီစဉ်မှုဖြင့် နယူးဒေလီမြို့ ရှိ Bharat Mandapam ကွန်ဗင်းရှင်းစင်တာတွင် နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါညီလာခံ၌ ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ တင်သွင်းသူများ၊ မူဝါဒချမှတ်သူများ၊ ငွေကြေးအဖွဲ့ အစည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် မိတ်ဖက် ဝန်ဆောင်မှုပေးသူများ ပါဝင်တက်ရောက်ခြင်းဖြင့် ကမ္ဘာ့ဆန်စပါးကုန်သွယ်မှုတွင် ပွင့်လင်းမြင် သာမှု၊ ထိရောက်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို အားကောင်းခိုင်မာစေမည်ဟု Mr. Dev က ပြောကြား ခဲ့သည်။

          အိန္ဒိယသည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံကျော်ကို ထောက်ပံ့ပေးနေသည့် ကမ္ဘာ့အကြီးဆုံး ဆန် ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူဖြစ်ကြောင်း၊ ထို့ကြောင့် BIRC 2025 သည် သက်ဆိုင်သူများ အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးကွင်းဆက်များတွင် ၎င်းတို့၏တည်ရှိမှုကို နေရာယူထား ရန် အခွင့်အလမ်းတစ်ခု ထောက်ပံ့ပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

          အဆိုပါ ညီလာခံသို့ လယ်သမားအဖွဲ့အစည်းများ (FPOs) မှ လယ်သမားပေါင်း ၃၀၀၀ ကျော်၊ နိုင်ငံပေါင်း ၈၀ ကျော်မှ ပြည်ပဝယ်လက် ၁၀၀၀ ကျော်နှင့် ပို့ကုန်လုပ်ငန်းရှင်များ၊ ဆန်စက် များနှင့် မဟာမိတ်စက်မှုလုပ်ငန်းများမှ လုပ်ငန်းရှင်ပေါင်း ၂၅၀၀ တို့ ပါဝင်တက်‌ရောက်ဖွယ် ရှိသည်။

          အဆိုပါ ညီလာခံမှ ရူပီးငွေ ကုဋေပေါင်း ၁ ဒသမ ၈ဝ သိန်းတန်ဖိုးရှိသော ဆန်တင်သွင်းမှု ဈေးကွက်အသစ်များကို ဖွင့်လှစ်နိုင်ရန်နှင့် ရူပီး ကုဋေ ၂၅၀၀၀ တန်ဖိုးရှိသည့် ဆန်တင်ပို့မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းထားကြောင်း အိန္ဒိယ ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားသည်။

          အိန္ဒိယသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးဧရိယာ ဟက်တာ ၄၇ သန်းခန့်မှ ဆန်တန်ချိန် ၁၅၀ သန်းခန့် ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ဆန်ထွက်ရှိမှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိသည်။ ပိုမိုကောင်းမွန်သောမျိုးစေ့များ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် တိုးချဲ့စိုက်ပျိုးမှု၊ ရေပေးဝေမှုတို့ကြောင့် တစ်ဟက်တာပျမ်းမျှအထွက်နှုန်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်၌ ၂ ဒသမ ၇၂ တန် ရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တစ်ဟက်တာလျှင် ၃ ဒသမ ၂ တန်ခန့်အထိ တိုးတက်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံကျော်သို့ ဆန်မက်ထရစ် တန်ချိန် ၂၀.၁ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂.၉၅ ဘီလီယံ တင်ပို့ခဲ့ပါသည်။

Source: Economic Times, 24 Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)