အိန္ဒိယနိုင်ငံ၌ စားတော်ပဲဝါ တင်သွင်းမှုအပေါ် အခွန် ၃၀ ရာခိုင်နှုန်း စည်းကြပ်မည်

Powered by Drupal

 

          အိန္ဒိယနိုင်ငံတွင် စားတော်ပဲဝါအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားရာမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် ၂၀ ရာခိုင်နှုန်းတို့ကို စည်းကြပ်ကောက်ခံမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့ ၌ အမိန့်ကြော်ငြာစာထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

          အဆိုပါ အမိန့်ကြော်ငြာစာအရ အောက်တိုဘာ ၃၁ ရက်နေ့ သို့မဟုတ် ၎င်းနေ့ရက်မတိုင်မီ၌ ကုန်စည်တင်ပို့မှုအထောက်အထား (bill of lading) ထုတ်ပေးခဲ့သော စားတော်ပဲဝါ သွင်းကုန်များ အတွက် ယခုကဲ့သို့အခွန်စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအမိန့်စာ ထုတ်ပြန်မှုသည် ယခင်က ကြေညာထားခဲ့သော စားတော်ပဲဝါအား ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားခြင်းကို ပြင်ဆင်လိုက်ခြင်းပင်ဖြစ်သည်။

          ပြည်တွင်း၌ပဲဈေးနှုန်းများမြင့်မားနေမှုကို ဖြေရှင်းရန်အတွက် အိန္ဒိယအစိုးရသည် စားတော် ပဲဝါ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အမိန့် ကြော်ငြာစာထုတ်ပြန်လျက် ကာလအပိုင်းအခြားသတ်မှတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး အကြိမ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့၌ နောက်ဆုံးအကြိမ် သက်တမ်း တိုးမြှင့်မှုမှာ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမတိုင်မီ၌ စားတော်ပဲဝါ တင်သွင်းမှုအပေါ် အိန္ဒိယအစိုးရက ကောက်ခံသည့် စုစုပေါင်း အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်းဖြစ်ခဲ့သည်။

          အစိုးရက အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားသည့် ပဲမျိုးများအနက် စားတော်ပဲဝါ သည် ကုန်ချိန်ပမာဏအားဖြင့် အများဆုံးဖြစ်ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၆.၆၃ သန်း တင်သွင်းခဲ့ရာတွင် စားတော်ပဲဝါသည် တန်ချိန် ၂.၉ သန်း၊ တစ်နည်းအားဖြင့် ၄၅ ရာခိုင် နှုန်း ပါဝင်ခဲ့သည်။ လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမ ငါးလအတွင်း စားတော်ပဲဝါ ၂၉၁၉၂၆ တန်ကို တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့မှုအောက် ၇၀ ရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

          အောက်တိုဘာလ အစောပိုင်းကာလများတွင် လယ်ယာကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဈေးနှုန်းများဆိုင်ရာ ကော်မရှင်သည် စားတော်ပဲဝါ တင်သွင်းမှုကို တားမြစ်ပိတ်ပင်ရန် အစိုးရသို့ တိုက်တွန်းခဲ့သည်။ ယင်းကာလမတိုင်မီ၌လည်း အကောက်ခွန်လွတ် တင်သွင်းမှုများက ပြည်တွင်း ပဲမျိုးစုံဈေးနှုန်းများအပေါ် ဖိအားများဖြစ်စေပြီး တောင်သူများ၏ စိုက်ပျိုးမှုကို လျော့ကျစေမည့် အရေး စိုးရိမ်မကင်းဖြစ်ရကြောင်း စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ပြောဆိုခဲ့ပြီး တောင်သူများကို အကာအကွယ်ပေးရန်အတွက် စားတော်ပဲဝါတင်သွင်းမှုအပေါ် အခွန် ၅၀ ရာခိုင် နှုန်း စည်းကြပ်ရန် စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီးထံသို့ ဩဂုတ်လအတွင်း၌ စာရေးသား ပေးပို့ တောင်းဆိုခဲ့သည်။

Source: Informist Media, 30 Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)