တောင်ငူမြို့မှ မုန့်ဖတ်ခြောက်လုပ်ငန်းအား လေ့လာခြင်း

Powered by Drupal

      တောင်ငူမြို့ အမှတ်(၂)ရက်ကွက် ၊ လျှပ်စစ်လမ်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းသည် အတော်အသင့် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။  မုန့်ဖတ်ခြောက် ပြုလုပ်ရန်အတွက် ကုန်ကြမ်းအား ဆန် ဆလပ်ကျိုးကို အသုံးပြုရပါသည်။ လိုအပ်သော ဆန်ဆလပ် ကျိုးများအား ဒေသတွင်းမှပင်ဝယ်ယူရပါသည်။ ဆန်ဆလပ်ကျိုး တစ်အိတ်လျှင် (၄၀၀၀၀) ကျပ် ဝန်းကျင်ခန့်ပေးရပါသည်။ လုပ်သားအင်အားအနေဖြင့် အမျိုးသားလုပ်သား (၄) ဦးနှင့် အမျိုးသမီး အင်အား (၅)ဦး ခန့်သုံးရကြောင်းနှင့် တစ်နေ့လုပ်အားခအနေဖြင့် (၅၀၀၀)ကျပ်မှ (၆၀၀၀) ကျပ်ထိ ပေးရကြောင်း သိရှိရပါသည်။

       မုန့်ဖတ်ခြောက်ပြုလုပ်ရာတွင် ဆန် တစ်အိတ်လျင် မုန့်ဖတ်ခြောက် (၃) ပိဿာခန့် အလေ အလွင့်ရှိကြောင်းနှင့် အလေအလွင့်ဖြစ်သွားသော မုန့်ဖတ်အကြေ များအား မွေးမြူရေး လုပ်ငန်း ပိုင်ရှင်များနှင့် ဆက်သွယ်ကာ ဝက်စာအဖြစ်ပြန်လည်ရောင်းချကာ (၁) ပိဿာလျှင် (၅၀၀) ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ ဆန် တစ်အိတ်လျှင် မုန့်ဖတ်ခြောက် (၂၀)ကျပ်သားထုပ် (၁၂၅)ထုပ် ခန့်ထွက်ရှိပါတယ်။ ရလာသောမုန့်ဖတ်ခြောက်များကို (၂၀) ကျပ်သားဝင် ပလတ်စတစ်နှင့် ထုပ်ပိုးပြီး ပီနံအိတ်ဖြင့်ထည့်ကြောင်း၊ ပီနံအိတ် တစ်အိတ်လျှင် မုန့်ဖတ်ခြောက် အထုပ်ငယ် (၅၀) ခန့်ပါဝင်ကြောင်းသိရှိရပါသည်။ (၂၀)ကျပ်သားပါ မုန့်ဖတ်ခြောက်ငယ်ထုပ်လေး များအား တစ်ထုပ် လျှင် (၃၈၀)ကျပ်မှ (၄၀၀)ကျပ်ခန့် ရောင်းချကြောင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဆန်ထွက် နည်းသောဒေသများမှ အဓိကမှာယူကြောင်း၊ မန္တလေး၊ မြစ်ကြီးနား၊ မြင်းခြံ၊ ရန်ကုန်၊ မော်လမြိုင်၊  ထားဝယ်၊ မြိုတ်မြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      မြန်မာလူမျိုးများ၏ နံနက်ခင်းအစာပြေစားသောက်ရာတွင် မုန့်ဟင်းခါးအား နှစ်ခြိုက်စွာ ရွေးချယ် စားသုံးကြပါသည်။ မြန်မာနိုင်ငံဒေသအသီးသီးတွင် မုန့်ဟင်းခါးရောင်းချသော ဆိုင်များ များပြားလှပါသည်။ မြန်မာနိုင်ငံရှိ အိမ်ရှင်မများမှာလည်း မုန့်ဟင်းခါးအား နှစ်ခြိုက်စွာ ချက်ပြုတ် စားသောက်ကြရာ အလုပ်မအားလပ်၍ အပြင်ထွက်ပြီး မုန့်ဟင်းခါးဖတ်အားမဝယ်နိုင်သောအခါ မုန့်ဖတ်ခြောက်ထုပ်များကို အိမ်တွင်အသင့်ဝယ်ထားပါက လွယ်ကူလျင်မြန်သောကြောင့် မုန့်ဟင်းခါးဖတ်ခြေက် ဈေးကွက်သည် ရေရှည်တည်တံ့ခိုင်မြဲသော ဈေးကွက်တစ်ခုဖြစ်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)