မြန်မာ့အွန်လိုင်းအသုံးပြုစားသုံးသူအငြင်းပွားမှုဖြေရှင်းခြင်းစနစ် (Myanmar National Online Dispute Resolution System ) စတင်သင့်ပြီလား

Powered by Drupal

       ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှု တစုံတရာ ကြုံရပါက ကုစားခွင့်ရရှိရေးသည် စားသုံးသူများ၏ အခြေခံအခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးနှင့် နစ်နာမှုအတွက်ကုစားခွင့်ရရှိရေး အစီအမံများသည် ထိရောက်သော စားသုံးသူကာကွယ်ရေးစနစ်အတွက် အရေးပါသော အချက်များဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် စားသုံးသူနစ်နာမှုများကို ထိရောက်လျှင်မြန်စွာ ကုစားခွင့် ရရှိရေးကြိုးပမ်းဆောင်ရွက်လာကြရာ တရားရုံး များတွင် ရင်ဆိုင်ဖြေရှင်းရန်မလိုအပ်သော တရားရုံးပြင်ပစားသုံးသူအငြင်းပွားမှုဖြေရှင်းရေး စနစ် (Alternative Dispute Resolution System- ADR) များပေါ်ပေါက်လာရသည်။ ADR စနစ်တွင် ဘက်မလိုက်သော အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က အငြင်းပွားမှုဖြစ်ပွားနေသည့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား ကြားနာစစ်ဆေးခြင်း၊ စေ့စပ် ညှိနှိုင်းခြင်းနှင့် အဆုံးအဖြတ် ပေးခြင်း၊အဖွဲ့၏ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိစောင့်ကြည့်ခြင်း စသည့်လုပ်ငန်းစဉ်များ ပါဝင်သည်။   ADR စနစ်သည် တရားရုံးပြင်ပတွင် အငြင်းပွားမှုဖြေရှင်းခြင်း ဖြစ်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်တိုအတွင်း အမြန်ဖြေရှင်းပေးနိုင်ခြင်း၊ ရိုးရှင်းလွယ်ကူသော လုပ်ငန်းစဉ်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် စားသုံးသူများနှင့် လုပ်ငန်းရှင်များ၏ ကျေနပ်မှု၊ ယုံကြည်အားထားမှုကို ရရှိလျက်ရှိသည်။ စားသုံးသူများနှင့်လုပ်ငန်းရှင်များအတွက် ပိုမိုထိရောက်အဆင်ပြေသော အငြင်းပွားမှု ဖြေရှင်းရေးနည်းစနစ်များကို တီထွင်ကြံဆလာခဲ့ကြပြီး ICT နည်းပညာများဖွံ့ဖြိုးလာခြင်း၊ အွန်လိုင်း စတိုးများတွင်ရောင်းဝယ်ကြမှု မြင့်တက်လာခြင်း၊ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာခြင်းတို့နှင့်အတူ စားသုံးသူအငြင်းပွားမှုများကို အွန်လိုင်းတွင် ဖြေရှင်းနိုင်ရေးဆောင်ရွက် လာကြရာမှ ODR စနစ်များ ထူထောင်ရန်စတင်လာကြသည်။

       ODR သည် ADR ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ADR  အား တီထွင်ဖန်တီးထားသော ဒီဂျစ်တယ် ပလက်ဖောင်းတစ်ခုပေါ်တွင် ဆောင်ရွက်ခြင်းကို ODR ဟုခေါ်ဆိုနိုင်ကြောင်း UNCTAD( United Nations Conference on Trade and Development) ကဆိုပါသည်။ ICT နည်းပညာသည် မျက်မှောက်ခေတ်တွင် မရှိမဖြစ်အသုံးပြုလာကြပြီး အချက်အလက်များ စုဆောင်းခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်းတို့ကို နည်းပညာအကူအညီအဖြင့် အလွယ်တကူ ဆောင်ရွက်လာနိုင်ခြင်း၊ AI နည်းပညာကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ခြင်း၊ အင်တာနက်ကွန်ယက်ပျံ့နှံ့မှုတိုးတက်ကောင်းမွန်လာခြင်းနှင့် လူတိုင်းက အင်တာနက်ကို ကျွမ်းကျင်စွာအသုံးပြုလာနိုင်ခြင်း စသည့်အချက်များအပြင် တရားရုံး ပြင်ပစားသုံးသူ အငြင်းပွားမှု ဖြေရှင်းခြင်းစနစ်အပေါ် ယုံကြည်အားထားမှု မြင့်တက်လာခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ODR စနစ်သည်ရေပန်းစားလူကြိုက်များလျှက်ရှိသည်။

    ODR စနစ်သည်၁၉၉၀ခုနှစ်ဝန်းကျင်ခန့်က စတင်၍ဖွံဖြိုးတိုးတက်လာသည်ဟု UNCTAD ကဆိုပါသည်။ ODR စနစ်ကို ebay ကဲ့သို့သော online မှ ပစ္စည်းရောင်းချကြ သောကုမ္ပဏီကြီးများ၊ Trademark ၊ Internet domain name အငြင်းပွားမှုများနှင့် သက်ဆိုင်သော နိုင်ငံတကာ အဖွဲ့အစည်းကြီးများက ODR စနစ်ကို စတင်ဖော်ဆောင်လာခဲ့ ကြပါသည်။ ကနဦးအစပိုင်းတွင် ODR စနစ်သည် ODR ပလက်ဖောင်းပိုင်ရှင်၏ ကိုယ်ပိုင်ပြဌာန်းချက်များဖြင့် စားသုံးသူနှင့်လုပ်ငန်းရှင်တို့က အဆိုပါပလက်ဖောင်းတွင် အငြင်းပွားမှုများကို ဖြေရှင်းကြခြင်းဖြစ်ပါသည်။ သို့ရာတွင် တရားမျှတမှုရှိစွာ ဖြေရှင်းနိုင်ရေး၊ မြန်ဆန်တိကျစွာဖြေရှင်းနိုင်ရေးတို့အတွက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးမည့် တတိယ အဖွဲ့အစည်း (Third party ADR body) သို့မဟုတ် အစိုးရအဖွဲ့အစည်း (Government Agency) လိုအပ် လာပါသည်။ ယနေ့အခါတွင်မူ ODR စနစ်တွင်အစိုးရအသိအမှတ်ပြု ADR အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက ကြားနေတတိယအဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်လာကြ သည်ကိုတွေ့လာရပါသည်။

       လူအများစုမှားယွင်းစွာသိမှတ်နေသောအချက်မှာ ODRသည် အွန်လိုင်းမှတဆင့် စားသုံးသူများက တိုင်ကြားစာပုံစံတွင် အချက်အလက်များဖြည့်စွက်၍ တိုင်ကြားနိုင်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့် သက်ဆိုင်ရာအဖွဲ့အစည်းက တိုင်ကြားစာလက်ခံခြင်းကိုသာ ဆောင်ရွက်ကြသည်ဟု ထင်မှတ်နေခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ODR တွင် တိုင်ကြာလွှာပုံစံဖြည့်သွင်း၍ တိုင်ကြားစာပေးပို့ခြင်း၊ တိုင်ကြားမှုကိုလက်ခံခြင်း၊ တိုင်ကြားမှု နှင့်ပတ်သက်သည့် အထောက်အထားများ တင်သွင်းခြင်း၊ ကြားနာစစ်ဆေးခြင်း၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ စီရင်ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကိုပါ ODR ပလက်ဖောင်းတွင် ဆောင်ရွက်နိုင်ရမည်ဖြစ်သည့်အပြင် အမှုနှင့်ပတ်သက်၍ နောက်ကြောင်းပြန် ခြေရာခံ ကြည့်နိုင်သည့် ဆောင်ရွက်ချက်များပါဝင်ရမည် ဖြစ်ပါသည်။ ODR ၏ အနှစ်သာရမှာ အချိန်ကုန် သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် နောက်ကြောင်းပြန် ခြေရာခံ ကြည့်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။ထို့အပြင် ODR ၏ထူးခြားချက်မှာ အငြင်းပွားမှုဖြစ်စဉ်တွင် ပါဝင်ကြသူများ၊ ADR အဖွဲ့အစည်းများအနေဖြင့် လူကိုယ်တိုင်တွေ့ဆုံ ရှင်းလင်းကြရန် မလိုအပ်ဘဲအွန်လိုင်းအသုံးပြု၍ ဒီဂျစ်တယ်ပလက်ဖောင်းတွင် ချိန်းဆိုတွေ့ဆုံ ရှင်းလင်းကြခြင်း ဖြစ်ပါသည်။ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်စီမံခံ့ခွဲမှုကဲ့သို့သော Web-based နည်းပညာ အထောက်ပြုလုပ်ငန်းစဉ်အဖြစ် ODR ကိုအများက လက်ခံထားပါသည်။ ODR စနစ်သည် ADR ကို အွန်လိုင်းအသုံးပြု၍ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ဆောင်ရွက်ခြင်းဖြစ်သော်လည်း ဆောင်ရွက် ရခြင်း၏ ရည်းမှန်းချက်၊ ဆောင်ရွက်သည့် နယ်ပယ်၊ တည်ဆောက်ပုံ ဒီဇိုင်းနှင့် ဆောင်ရွက်ပုံ လုပ်ငန်းစဉ်များ မတူညီကြသည်ကိုလည်း တွေ့ရှိရသည်။

EU ODR

        ဥရောပသမဂ္ဂသည် EU Regulation No.524/2013 အရ ပြည်တွင်းဖြစ်စေ၊ နယ်စပ် ဖြတ်ကျော်ဖြစ်စေ အွန်လိုင်းမှရောင်းဝယ်ရာ၌ ကြုံတွေ့ရသော စားသုံးသူအငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် ODR စနစ်တစ်ခုကို ထူထောင်ထားရှိသည်။ ယင်းပလက်ဖောင်းတွင် အချက် အလက်ဖြည့်သွင်းရန်ရိုးရှင်းလွယ်ကူသည့် Complaint Form တစ်ခုပါရှိပြီး မည်သည့် device အမျိုးအစားနှင့်မဆိုအသုံးပြုနိုင်ပါသည်။ EU အဖွဲ့ဝင်နိုင်ငံများရှိ e-commerce လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ Website များကို EU ODR နှင့် Link ချိတ်ဆက်ထားရန်လိုအပ်ပါသည်။ လုပ်ငန်းရှင်များ အနေဖြင့်၎င်းတို့၏ company profile တွင် သက်ဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့များ (ADR Bodies) စာရင်းနှင့် Website လိပ်စာများကို မဖြစ်မနေဖော်ပြထားရမည် ဖြစ်ပါသည်။ အဆိုပါ အချက်သည် ဥပဒေအရ သတ်မှတ်ချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ODR စနစ်ဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ EU အဖွဲ့ဝင်နိုင်ငံများရှိ e-commerce လုပ်ငန်းရှင် များက အလေးထားလိုက်နာရမည့် သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် EU ODR ပလက်ဖောင်းတွင် အငြင်းပွားမှုများကိုဖြေရှင်းပေးမည့် ADR အဖွဲ့အစည်းများက မှတ်ပုံတင် ချိတ်ဆက်ထားပြီး EU အဖွဲ့ဝင်နိုင်ငံများမှ ADR အဖွဲ့အစည်းပေါင်း ၄၆၀ခန့် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရသည်။

      EU ODR စနစ်ကို အချိန်၃နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလမှ စတင်၍ လုပ်ငန်စတင်ကြောင်းသိရှိရပါသည်။ EU ၏ ODR ပလက်ဖောင်းမှတဆင့် တိုင်ကြားလိုသော စားသုံးသူ အနေဖြင့် တိုင်းကြားမှုစတင်ရန်အတွက် အဆိုပါပလက်ဖောင်းရှိ တိုင်ကြားလွှာပုံစံတွင် အချက်အလက် ဖြည့်သွင်းရမည်ဖြစ်ပါသည်။ အချက်အလက်ဖြည့်သွင်းရာတွင် သတိပြုရန်အချက်များကိုလည်း ဖော်ပြ ပေးထားသည်ကို တွေ့ရသည်။ တိုင်ကြားလွှာဖြည့်သွင်းပြီးပါက အဆိုပါတိုင်ကြားမှုသည် ပလက်ဖောင်းတွင် မှတ်ပုံတင်ပြီး Link ချိတ်ဆက်ထားသည့် သက်ဆိုင်ရာလုပ်ငန်းရှင်သို့ ချက်ခြင်းရောက်ရှိမည်ဖြစ်ပါ သည်။ တိုင်ကြားသူနှင့် လုပ်ငန်းရှင်တို့သည်ပလက်ဖောင်းတွင် ချိန်းဆိုတွေ့ဆုံပြီး မက်ဆေ့များ၊ ဓာတ်ပုံများဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ပါသည်။ လုပ်ငန်းရှင်ဖက်ဆက်သွယ်​ပြန်ကြားခြင်း မရှိလျှင်သော် လည်းကောင်း၊ ရက်ပေါင်း၉၀အတွင်းညှိနှိုင်းမှု မအောင်မြင်လျှင်သော်လည်းကောင်း ADR အဖွဲ့အစည်း တစ်ခုခုကို နှစ်ဖက်သဘောတူရွေးချယ်၍ ဆက်လက်ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နှစ်ဦး သဘောတူ ADRအဖွဲ့အားရွေးချယ်ရန် ပြက္ခဒိန်ရက် ၁၀ရက်ရရှိမည်ဖြစ်ပါသည်။ ၎င်းတို့ရွေးချယ် အတည်ပြုထားသည့် ADR အဖွဲ့အစည်းအနေဖြင့် အမှုကိုစတင်လက်ခံသည့်နေ့မှ ရက်၃၀အတွင်း အငြင်းပွားမှုကို ပြီးပြတ်အောင် ဖြေရှင်းပေးရမည်ဖြစ်ပြီး မပြီးပြတ်ပါက အဆိုပါအမှုကို ODR တွင် ပိတ်သိမ်းမည်ဖြစ်ပါသည်။ ထိုသို့ဖြေရှင်းရာတွင်  ADR အဖွဲ့အစည်းများအနေဖြင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အား ODR ပလက်ဖောင်းတွင် နှစ်ဖက်ချိန်းဆိုခြင်း၊ ကြားနာစစ်ဆေးခြင်း၊ ဆုံးဖြတ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ ထိုသို့ဖြေရှင်းရာတွင် ကုန်ကျစရိတ်ရှိမည် ဖြစ်ပါသည်။ ကုန်စရိတ်အပါအဝင် ဖြေရှင်းရသည့်အချိန်ကာလနှင့် လုပ်ငန်းစဉ်သတ်မှတ်ရခြင်းတို့သည် တိုင်ကြား သည့် စားသုံးသူအနေဖြင့် အခက်အခဲရှိနိုင်သည်ကို တွေ့ရသည်။ တိုင်ကြားမှုဖြစ်စဉ်များ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တိုင်ကြားသူနှင့်လုပ်ငန်းရှင်တို့အကြား ပလက်ဖောင်းပေါ်တွင် တိုက်ရိုက် တွေ့ဆုံခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်းသိရှိရသည်။ EU ODR စနစ်တွင် ပလက်ဖောင်းပိုင်ရှင်အနေဖြင့် အငြင်းပွားမှုဖြေရှင်းသည့်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု မရှိဘဲ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များကသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။

         EU ODR ၏ထူးခြားချက်မှာမတူညီသော EU နိုင်ငံများရှိစားသုံးသူများနှင့် လုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်သည့် အရေးကြီးသောသတင်းအချက်အလက်များကို ပြန်ဆို ပေးနိုင်သည့် ဝန်ဆောင်မှုပါဝင်ခြင်းပင်ဖြစ်သည်။ ထို့အချက်သည် နယ်စပ်ဖြတ်ကျော်စားသုံးသူ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ဘာသာစကားအခက်အခဲကို ကျော်လွှား နိုင်မည်ဖြစ်ပြီး စားသုံးသူ စွမ်းဆောင်နိုင်မှုနယ်ပယ်ကို မြှင့်တင်ပေးရာရောက်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် EU ODR ကို အွန်လိုင်းမှတဆင့် ရောင်းဝယ်ကြရာတွင် ကြုံတွေ့ရသည့် စားသုံးသူ အငြင်းပွားမှုများကိုသာ ဖြေရှင်း ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။

ဘရာဇီး ODR

     ဘရာဇီးနိုင်ငံ၏ National Consumer Secretatiat (SENACON) သည် ၂၀၁၄ခုနှစ်တွင် consumidor.gov.br ဆိုသည့် ORD ပလက်ဖောင်းတစ်ခုကို ထူထောင်ခဲ့ပါသည်။ အဆိုပါ ODR ပလက်ဖောင်းသည် ဘရာဇီးနိုင်ငံရှိ စားသုံးသူနှင့်လုပ်ငန်းရှင်များအကြား အငြင်ပွားမှုများကို ၎င်းတို့ အချင်းချင်း တိုက်ရိုက်ဖြေရှင်းနိုင်ရန်ဆောင်ရွက်ထားသည့် ODR ပလက်ဖောင်း ဖြစ်ပါသည်။ နယ်စပ် ဖြတ်ကျော်ရောင်းဝယ်မှုမှ အငြင်းပွားမှုများကို ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံတွင်းရောင်းဝယ်မှုမှ အငြင်းပွားမှု များကို ဖြေရှင်းပေးသည့် National ODR ဖြစ်သည်ကိုတွေ့ရသည်။

      ထူးခြားချက်မှာ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအငြင်းပွားမှုများကို အဆိုပါပလက်ဖောင်းတွင် ဖြေရှင်းရန် မဖြစ်မနေဆောင်ရွက်ရမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ လုပ်ငန်းရှင်၏ ဆန္ဒသဘောဖြင့် ပါဝင်ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် အဆိုပါပလက်ဖောင်းကို အသုံးပြု၍ စားသုံးသူအငြင်းပွားမှုများကိုဖြေရှင်းဆောင်ရွက်လိုပါက ပလက်ဖောင်းတွင်မှတ်ပုံတင် ထားရန်နှင့် ပလက်ဖောင်းနှင့် Link ချိတ်ဆက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ အရေးကြီးသည့် အချက်မှာ အဆိုပါပလက်ဖောင်း၌ အငြင်းပွားမှုဖြေရှင်းကြရာတွင် လုပ်ငန်းရှင်များအနေဖြင့် အငြင်းပွားသည့်စားသုံးသူထံ တိုက်ရိုက်ချိတ်ဆက်ဖြေရှင်းပေးနိုင်သည့်အတွက် ၎င်းစီးပွားရေးလုပ်ငန်း အပေါ် အများပြည်သူ က ကျေနပ်မှု၊ ယုံကြည်မှုတို့ကို ရရှိစေနိုင်မည်ဖြစ်ရာ စီးပွားရေး လုပ်ငန်းရှင်များ အတွက် ၎င်းတို့၏ဖောက်သည်များနှင့် ဆက်ဆံရေးကောင်း ထူထောင်နိုင်ရန် အခွင့်အလန်းတစ်ခု ရရှိနေခြင်းပင်ဖြစ်သည်။

      အဆိုပါပလက်ဖောင်းတွင် စားသုံးသူက ၎င်း၏နစ်နာမှုကို တိုင်ကြားမှုဆောင်ရွက် မည်ဆိုပါက စားသုံးအနေဖြင့် ရှေးဦးစွာ ပလက်ဖောင်းတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး တိုင်ကြားလွှာဖြည့်သွင်း၍ တိုင်ကြားနိုင်ပါသည်။ တိုင်ကြားလွှာသည် လုပ်ငန်းရှင်ထံသို့ ရောက်ရှိမည်ဖြစ်ပြီး ၁၀ရက်အတွင်း လုပ်ငန်းရှင်ကစားသုံးသူထံ တိုင်ကြားမှုကို လက်ခံရရှိ ကြောင်း အကြောင်းပြန်ရမည်ဖြစ်ပါသည်။ တိုင်ကြားလွှာပေးပို့ပြီး ရက်၂၀အတွင်း အဆိုပါ တိုင်ကြားမှုကို အပြီးပြတ်ဖြေရှင်းရမည်ဖြစ်​ပါသည်။ ODR တွင် အဆိုပါအငြင်းပွားမှုအား ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိပါက စားသုံးသူအနေဖြင့် ဘရာဇီးစားသုံးသူကာကွယ်ရေး ဖောင်ဒေးရှင်း ( Consumer Protection  Foundation -PROCON) ထံသို့ ဖြေရှင်းပေးပါရန် တင်ပြနိုင်ပါသည်။ ထို့နောက် National Consumer Defence System တွင် တရားစွဲဆိုဆောင်ရွက်ပေးနိုင်ရေး အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တစ်ခုခုနှင့် ဆက်သွယ်ဆောင်ရွက်နိုင် ပါသည်။

    ဘရာဇီးODRစနစ်သည် စားသုံးသူနှင့်လုပ်ငန်းရှင်များ တိုက်ရိုက်ဖြေရှင်းကြခြင်းဖြစ်ပြီး ကြားဝင်ဖြေရှင်းရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ ADR အဖွဲ့အစည်းများပါဝင်​ခြင်း မရှိကြောင်းနှင့် လုပ်ငန်းရှင်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ မရှိ ကြောင်းတွေ့ရသည်။ သို့သော် ​လုပ်ငန်းရှင်၏ဖြေရှင်းပေးမှုအပေါ် စားသုံးသူ၏ စိတ်ကျေနပ်မှု အဆင့်အား အများသိစေရန် ဖော်ပြပေးနိုင်ပါသည်။ ထိုအချက်သည် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် စားသုံးသူအခွင့်အရေးများအပေါ် အလေးထားစေရေး၊ စိတ်သဘောထားကောင်းဖြင့် ဖြေရှင်းပေးစေရေး၊ ပွင့်လင်းမြင်သာမှုရှိစေရေး တွန်းအားဖြစ်စေပါသည်။ လုပ်ငန်းရှင်အနေဖြင့် စားသုံးသူများနှင့် ထိတွေ့ဆက်ဆံရာတွင် တရားမျှတမှုရှိသည် ဆိုသော ဂုဏ်သတင်းကောင်းကို တည်ဆောက်နိုင်လေလေ ၎င်းစီးပွားရေးလုပ်ငန်း၏ စျေးကွက်ယှဉ်ပြိုင်နိုင်မှု တိုးတက်လေလေ ဖြစ်ပါသည်။

    ဘရာဇီး ODR ပလက်ဖောင်းတွင် e-Commerce မှ ရောင်းဝယ်ဖောက်ကားရာတွင် ကြုံတွေ့ ရသည့် စားသုံးသူအငြင်းပွားမှုများကိုသာ ဖြေရှင်းရမည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်ကဏ္ဍမှ ရောင်းဝယ်ဖောက်ကားသည်ဖြစ်စေ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှု များကိုပါ တိုက်ရိုက်ညှိနှိုင်းဖြေရှင်းနိုင်ပါသည်။

     အဆိုပါ ODR စနစ်သည် ဆန္ဒအလျှောက်ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အများပြည်သူ ဝင်ရောက် ကြည့်ရှုနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကြောင့် ဘရာဇီးနိုင်ငံတွင် လူကြိုက်များ ရေပန်းစားလျက် ရှိသည်။ အဆိုပါစနစ်၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်ကြပ်မတ်ပေးရန် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူများတွင် တာဝန်ကိုယ်စီ ရှိနေပါသည်။ ဘရာဇီး ODR စနစ်၏ အောင်မြင်မှုသည် ၎င်းစနစ်တွင် ပါဝင်ပတ်သက်သူများ အကြား ခိုင်မာအားကောင်းသည့်ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကို သက်သေပြလျက် ရှိပါသည်။

Internet Courts of China

       ပထမဆုံးသောတရုတ်နိုင်ငံ၏ အင်တာနက်တရားရုံးကို ၂၀၁၇ခုနှစ်က Hangzho မြို့ တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ခုနှစ်က စတင်ခဲ့သောပိုင်းလော့ပရိုဂျက်ကိုအခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဘေကျင်းနှင့်ရှန်ဟိုင်းမြို့များ၌  ၂၀၁၈ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ၎င်းအင်တာနက်တရားရုံးများအနေဖြင့် ဥပဒေမဲ့ဆောင်ရွက်နေသော အလေ့ အထများ၊ e-commerce နှင့်ပတ်သက်သော အငြင်းပွားမှုများ၊ မူပိုင်ခွင့်ဆိုင်ရာအမှုများ၊ ကိုယ်ရေး ကိုယ်တာအချက်အလက်နှင့် Domain ဆိုင်ရာအမှုများကို ဖြေရှင်းပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းစနစ်ကို မိုင်ဘိုင်းဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာ ဖြင့်ဖြစ်စေ အသုံးပြု၍ရ​ပါသည်။ အငြင်းပွားမှုများကို ၁၅ရက်အတွင်းပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မပြီးပြတ်ပါက သို့မဟုတ်ဆုံးဖြတ်ချက်အပေါ်နှစ်ဖက်ကျေနပ်မှု မရရှိပါက တရားရုံးတွင်ဆက်လက်ဖြေရှင်းရမည် ဖြစ်ပါသည်။ တိုင်ကြားလွှာပုံစံတွင် အချက်အလက်ရေးသွင်းခြင်း၊ တိုင်ကြားမှုကိုလက်ခံအတည်ပြုခြင်း၊ စေ့စပ်ဖြန်ဖြေခြင်း၊ သက်သေများ တင်ပြခြင်း၊ ကြားနာစစ်ဆေးခြင်း၊ တရားစီရင်ဆုံးဖြတ်ခြင်း၊ တရားရုံးစရိတ် ပေးချေခြင်း တို့ကိုဒီဂျစ်တယ်ပလက်ဖောင်းတွင်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ ​

        လက်ရှိဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ၏အင်တာနက်တရားရုံးများသည် ကုန်ကျ စရိတ်သက်သာခြင်းနှင့် ဝန်တာများကိုလျှော့ချနိုင်ခြင်းတို့ကြောင့် လူကြိုက်များခဲ့ပြီး စတင် ထူထောင်သည့် တစ်နှစ်အတွင်းမှာပင် မျှော်မှန်းမထားသော အမှုအရေအတွက်ကို ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံရှိ e-count များ၏ ကနဦးအတွေ့အကြုံများ၊ အကျိုးရလဒ် နှင့်အောင်မြင်မှုများကို ကမ္ဘာအရပ်ရပ်ရှိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းကြီးများက လေ့လာ စောင့်ကြည့်လျက်ရှိပါသည်။ ထူးခြားချက်တစ်ခုမှာ Alibaba နှင့်Alipay ကဲ့သို့သော e-commerce ပလက်ဖောင်းပိုင်ရှင်များအနေဖြင့် e-count များ၏အမှုသည်အနေဖြင့်ရော နည်းပညာပံ့ပိုးသူအဖြစ်ပါ ပါဝင်ပတ်သက်နေနိုင်ခြင်း ဖြစ်ပါသည်။ ဤအချက်သည် သမရိုးကျတရားရုံးများနှင့်မတူဘဲ ပုဂ္ဂလိက ကဏ္ဍမှ ဆောင်ရွက်သည့် အဆိုပါ e-count များ၏ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်များ ရှိလာနိုင်ကြောင်းနှင့် အငြင်းပွားမှုဖြေရှင်းရာတွင် အစိုးရအနေဖြင့်မည်သည့် အတိုင်းအတာထိ ပါဝင်ဆောင်ရွက်ရန်လိုအပ်မည်ကို အရေးတကြီး စဉ်းစားရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ထိုင်းနိုင်ငံ ODR

       ထိုင်းနိင်ငံတွင် ODR ပလက်ဖောင်းတစ်ခုကို ပိုင်းလော့ပရိုဂျက်ဖြင့်စတင်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဘုတ်အဖွဲ့(OCPB)ရုံးက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ကနဦးတွင် Automotive Sector တစ်ခုတည်းကိုသာ ဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် ထိုင်းဘာသာ စကားဖြင့်သာ အသုံးပြုနိုင်ကြောင်းသိရသည်။ စားသုံးသူများအနေဖြင့် ၎င်းတို့၏ တိုင်ကြားမှုများကို Website နှင့် Mobile Application တို့မှတဆင့် online စနစ်ဖြင့် လည်းကောင်း၊ Complaint Center နှင့် Hotline  တို့မှတဆင့် offline စနစ်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အငြင်းပွားမှုဖြေရှင်းရာတွင် ODR ကို မဖြစ်မနေအသုံးပြုရန် ညွှန်ကြားထားခြင်းမရှိဘဲ တိုင်ကြားသူ၏ဆန္ဒသဘောအရသာ ဆောင်ရွက်နိုင်ပါသည်။ ODR ကိုအသုံးပြု၍ဖြေရှင်းရန် နှစ်ဖက်သဘောတူညီမှုရရှိပါက OCPB မှ Mediator တစ်ဦးက Virtual meeting ကျင်းပမည့်နေ့ရက်၊ အချိန်၊ Meetind ID နှင့် passwardတို့ကို တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့၏ e-mail သို့ပေးပို့ပါသည်။ ထို့နောက် Virtual meeting ဖြင့် စေ့စပ်ဖြန်ဖြေခြင်းကို ဆောင်ရွက်ပြီး နှစ်ဖက်သဘောတူညီမှုရရှိပါက တိုင်ကြားမှုအား စနစ်တွင် ရပ်ဆိုင်းကာ သဘောတူညီမှုအား နှစ်ဖက်လက်မှတ်ရေးထိုးစေပါသည်။ အဆိုပါ သဘောတူညီချက် အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား OCPB မှ စောင့်ကြည့် ပေးပါသည်။ ကနဦးအဆင့်တွင် စေ့စပ်ဖျန်ဖြေခြင်းမအောင်မြင်ပါက အခြား online Mediator တစ်ဦးဖြင့်လည်း ဖြေရှင်းဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

    ထိုင်းနိုင်ငံ၏ ODR စနစ်သည် ပိုင်းလော့ပရိုဂျက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပရိုဂျက်တွင် အောင်မြင်စွာဖြေရှင်းပေးနိုင်မှုအခြေအနေများနှင့်နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များအပေါ်မူတည်၍လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ပြီးအခြားကဏ္ဍများကိုတိုးချဲ့ဆောင်ရွက်သွားရန်ရည်ရွယ်ခဲ့ကြောင်းသိရှိရပါသည်။ Automotive ကဏ္ဍကို ဦးစားပေးရွေးချယ်ရခြင်းမှာ အဆိုပါကဏ္ဍတွင်စားသုံးသူ အငြင်းပွားမှုများပြားခြင်း၊အငြင်းပွားရသည့်တန်ဖိုးမြင့်မားခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။ OCPB အနေဖြင့် e-mediation ဆောင်ရွက်ရာတွင် ငွေကြေးစိုက်ထုတ်သုံးစွဲရခြင်းနှင့် ကိုယ်ပိုင် အရင်းအမြစ်များသုံးစွဲရခြင်းများရှိသောကြောင့်ကဏ္ဍအားလုံးကိုတပြိုင်တည်းစတင်ခြင်းမပြုဘဲပိုင်းလော့ပရိုဂျက်ဖြင့်သာစတင်ဆောင်ရွက်ခြင်းဖြစ်​ပါသည်။ယခုအခါထိုင်းနိုင်ငံ OCBP အနေဖြင့် Talk DD အမည်ဖြင့် ODR စနစ်ထူထောင်ထားရှိပြီး အွန်လိုင်းမှတဆင့် ရောင်းဝယ်ဖောက်ကားမှုများမှ စားသုံးသူအငြင်းပွားမှုများကိုဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထိုင်းနိုင်ငံ၏ ODR သည်နိုင်ငံတစ်နိုင်ငံ၏ ODR စနစ်ကိုမည်သို့ စတင်သင့်သည်၊ စားသုံးသူများ၏အာရုံထားစိတ်ဝင်စားမှုရှိစေရေးမည်သည့်ကဏ္ဍကိုဦးစားပေးရွေးချယ်သင့်သည်၊မိမိနိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေးမူဝါဒတို့အပေါ်မူတည်၍မည်သည့်ကဏ္ဍများသည်ဦးစားပေးဆောင်ရွက်ရန်အရေးကြီး​သည်၊ အရင်းအမြစ်များကိုမည်သို့သုံးစွဲသင့်သည်ဆိုသည့် အချက်များကိုစဉ်းစားနိုင်ရန်အတွက် ဥပမာကောင်းတစ်ခုဖြစ်ပါသည်။ထိရောက်အောင်မြင်သော ODR စနစ်တစ်ခုထူထောင်ရာတွင် ကဏ္ဍအားလုံးကိုတပြိုင်တည်းစတင်ရန်မဟုတ်ဘဲပိုင်းလော့ပရိုဂျက်ဖြင့်စတင်သင့်ကြောင်းကိုလည်းထိုင်းနိုင်ငံ၏ ODR ကဖော်ပြလျက်ရှိပါသည်။

     အထက်ဖော်ပြပါ ODR ဥပမာများကိုသုံးသပ်ကြည့်ပါက  ODR စနစ်များကိုပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးဖြင့် ဆောင်ရွက်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပြီး စားသုံးသူ စွမ်းဆောင်နိုင်မှုရလဒ်များသည်လည်းကွဲပြားမှုများရှိနေကြောင်းတွေ့ရှိရပါသည်။ အဆိုပါ အချက်သည် ODR ပလက်ဖောင်း တွင် မည်မျှအတိုင်းအတာထိ အလိုအလျှောက်ဆောင်ရွက်ပေးနိုင်မည်ဆိုသည့် အချက်ပေါ်တွင် မူတည် နေရုံသာမကစနစ်ကို ထူထောင်သည့်အဖွဲ့အစည်း(အစိုးရသို့မဟုတ်ပုဂ္ဂလိက)၊ ရည်ရွယ်သော လုပ်ငန်းစဥ် ( စားသုံးသူနှင့်လုပ်ငန်းရှင်တိုက်ရိုက်ညှိနှိုင်းနိုင်ခြင်း သို့မဟုတ် အစိုးရ အဖွဲ့အစည်း/ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဖြင့်ဖြေရှင်းရန်လိုအပ်ခြင်း)၊ ဆန္ဒသဘောဖြင့်သာ ပါဝင် ဆောင်ရွက်နိုင်ခြင်း/ မဖြစ်မနေ ပါဝင်ဆောင်ရွက်ရန်သတ်မှတ်ခြင်းစသည့်အချက်များသည်လည်း ODR စနစ်၏ ထိရောက်မှုအပေါ် အကျိုးသက်ရောက်မှုများရှိကြသည်။

ODR  ဒီဇိုင်းအတွက်စဉ်းစားရန်အချက်များ

၁။ရည်ရွယ်ချက်နှင့်နယ်ပယ်

         နိုင်ငံတစ်ခု၏ ODR စနစ်ထူထောင်ရခြင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့်နယ်ပယ်ကို ဆုံးဖြတ်ရာတွင် အောက်ဖော်ပြပါမေးခွန်းများအပေါ်စဥ်းစားရမည်ဖြစ်ပါသည်။

 

ODR စနစ်စတင်ခြင်းဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရဖို့ရည်မှန်းထားသနည်း

        လုပ်ငန်းမစတင်မီရည်မှန်းချက်များကိုတိတိကျကျသတ်မှတ်ရန်နှင့်သက်ဆိုင်ရာstakehloderများကိုရှင်းရှင်းလင်းလင်းအသိပေးရန်၊စားသုံးသူများအတွက်ညီမျှသောတရားမျှတမှုကို ဖော်ဆောင်နိုင်ရန်၊ ရိုးရှင်းသော လုပ်ငန်းစဉ်ဖြစ်ရန်နှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနများနှင့် သဘောတူညီချက်ရရှိရေး ကြိုတင် ညှိနှိုင်းရန်၊ဖြေရှင်းပေးရမည့်အငြင်းပွားမှုအရေအတွက်များလာပါက မည်သို့ဆောင်ရွက်မည်ကို ကြိုတင် စီမံထားရှိရန်လိုအပ်မည်ဖြစ်ပါသည်။

ODR စနစ်အားအခြားမည်သည့်အငြင်းပွားမှုဖြေရှင်းရေးယန္တယားများနှင့်ချိတ်ဆက်မည်နည်း

        အငြင်းပွားမှုများဖြေရှင်းရာတွင် ODR စနစ်အားမည်သည့်အဖွဲ့အစည်းများကို မည်သည့်နည်းလမ်း များဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ကိုကြိုတင်စီမံထားရှိရမည်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် ADR အဖွဲ့အစည်းများနှင့် တရားစီရင်ရေးရုံးငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ကြပါသည်။ ကနဦးပုံစံ ချရာတွင်တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အပြန်အလှန်ချိတ်ဆက်နိုင်မည့် IT နည်းပညာ များကိုလည်းအထူးအလေးပေးစဉ်းစားဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။ ODR စနစ်သည် ပုံမှန် အားဖြင့် တစ်ခုတည်းရပ်တည်သည့် ယန္တရားတစ်ခုအဖြစ်သတ်မှတ်ထားခြင်းမဟုတ်သည့်အတွက် အခြားအငြင်းပွားမှု ဖြေရှင်းခြင်းနည်းလမ်းများဖြင့်အစားထိုးဆောင်ရွက်ရန် သို့မဟုတ် လွှဲပြောင်း ဆောင်ရွက်ရန် လိုအပ်လာနိုင်ပါသည်။

ODR စနစ်အား မည်သည့်ကဏ္ဍ သို့မဟုတ် မည်သည့်ရောင်းဝယ်ဖောက်ကားမှုမျိုးတွင် အလေးပေး ဆောင်ရွက်သင့်သနည်း

          ဤအချက်ကိုစဉ်းစားရာတွင်မည်သည့်ကဏ္ဍတွင်(ဥပမာ-e-commerce ၊ telecommunication) စားသုံးသူအငြင်းပွားမှုများပြားသည်ကိုလည်းကောင်း၊ နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်ရန် ချမှတ် ထားသည့် စီးပွားရေးဖွံဖြိုးတိုးတက်မှုမူဝါဒများနှင့် စားသုံးသူအကာအကွယ်ပေးရေး မူဝါဒများအပေါ် တွင်လည်းကောင်း အခြေခံ၍ စဉ်းစားရမည်ဖြစ်ပါသည်။

ODR စနစ်အားမည်သို့တဖြည်းဖြည်းချဲ့ထွင်ရန်မျှော်မှန်းထားသနည်း

          ဤအချက်ကိုစဉ်းစားရာ၌ထိုင်းနိုင်ငံ၏ ODR စနစ်ကိုစံနမူနာထား၍ စဉ်းစားသင့်ပါသည်။ ကနဦး အစအနေဖြင့် ပိုင်းလော့ပရိုဂျက်ဖြင့်စတင်ရမည်ဖြစ်ပါသည်။ အစပိုင်းတွင် အခက်အခဲများ၊ အဆင် မပြေမှုများကြုံတွေ့ရနိုင်ပြီး လိုအပ်သောညှိနှိုင်းမှုများ၊ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာမှ တဖြည်းဖြည်းချောမွေ့လာခြင်း ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအနေဖြင့် ODR စနစ်အား ကယခင်ကဆောင်ရွက်ခဲ့ဘူးခြင်းမရှိနိုင်သဖြင့် ၎င်းတို့ အနေဖြင့်လည်းအတွေ့အကြုံလိုအပ်မည်ဖြစ်သည့်အတွက် ၎င်းတို့ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက် ရဦးမည်ဖြစ်ပါသည်။ နောက်ဆုံးတစ်ချက်မှာဘဏ္ဍာရေးအပိုင်းဖြစ်ပါသည်။ ODR စနစ်၏ကုန်ကျ စရိတ်ကို မည်သို့မျှဝေကျခံကြမည်ကိုလည်း ပိုင်းလော့ပရိုဂျက်ဖြင့် စတင်ဆောင်ရွက်ရင်း စဉ်းစား နိုင်မည် ဖြစ်ပါသည်။

ODRစနစ်တွင် ပြည်တွင်းရောင်းဝယ်မှုမှ အငြင်းပွားမှုများကိုသာ ဖြေရှင်းပေးသင့်သလား သို့မဟုတ် နယ်စပ်ဖြတ်ကျော်အငြင်းပွားမှုများကိုပါ ဖြေရှင်းပေးသင့်သလား

        ODR စနစ်၏ ကနဦးအစသည် အဆင်ပြေချောမွေ့ရန်လိုအပ်သည့်အတွက် မိမိတို့၏အတွေ့ အကြုံနှင့် အရင်းအမြစ်များ၏ အခြေအနေပေါ်မူတည်ပြီးစဉ်းစားရမည်ဖြစ်ပါသည်။ သို့သော် နောင် တချိန်တွင် နယ်စပ်ဖြတ်ကျော်အငြင်းပွားမှုများကိုပါ တဖြည်းဖြည်းချဲ့ထွင်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်မျှော်မှန်းထားရှိရန် လိုအပ်ပါသည်။ နယ်စပ်ဖြတ်ကျော်အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးအတွက် လိုအပ်ချက်များနှင့် ဦးစားပေးနယ်ပယ်များကိုလည်း ကြိုတင်စဉ်းစားထားရန် လိုအပ်မည်ဖြစ်ပါသည်။ အထူးသဖြင့် မိမိတို့တွင်နယ်စပ်ဖြတ်ကျော်အငြင်းပွားမှုများ ဖြေရှင်းရန်အတွက် ဥပဒေဆိုင်ရာ ပြဌာန်းချက်များ လုံလောက်မှုရှိရန်လိုအပ်မည်ဖြစ်ပါသည်။

၂။ODR စနစ်အားအသုံးပြုမည့်သူများနှင့်တာဝန်များကိုသတ်မှတ်ခြင်း

      ODR စနစ်ကိုမည်သူတွေက အသုံးပြုမည်၊ မည်သို့တာဝန်ယူရမည်၊ မည်သို့တာဝန်သတ်မှတ်ရမည် စသည်တို့ကိုဆုံးဖြတ်နိုင်ရန်အတွက် အောက်ဖော်ပြပါမေးခွန်းများအပေါ် သုံးသပ်ရမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ODR စနစ်တွင်မဖြစ်မနေပါဝင်ဆောင်ရွက်ရန်သတ်မှတ်သင့်သလား။

          အထက်ပါမေးခွန်းသည် ODR စနစ်ကို ဒီဇိုင်းထုတ်ရန်နှင့်နေရာချထားရာတွင် အခြေခံအကျဆုံး စဉ်းစားရမည့်အချက်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ဥပဒေ သို့မဟုတ် ညွှန်ကြားချက်များတွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် ODR စနစ်တွင်မှတ်ပုံတင်ထားသင့်ကြောင်း သို့မဟုတ် ပါဝင်ဆောင်ရွက်သင့် ကြောင်း ညွှန်ကြားထားသင့်သည်။ သို့မှသာ စီးပွားရေးလုပ်ငန်းများက ပါဝင်ဆောင်ရွက်လာကြရန် စိတ်ဝင်စားလာကြမည်ဖြစ်ပြီးစားသုံးသူနစ်နာမှုများအပေါ်ကုစားနိုင်ခွင့်ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။

          ဆန္ဒသဘောဖြင့်သာ ပါဝင်ဆောင်ရွက်နိုင်သည်ဆိုပါက စီးပွားရေးလုပ်ငန်းများထံမှ လုံလောက်သော တာဝန်ခံမှုများမရရှိပေ။ အကျိုးဆက်အားဖြင့် ODR စနစ်အပေါ် စားသုံးသူများ၏ ယုံကြည်မှုသည် အားနည်းသွားမည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် ဆန္ဒသဘောဖြင့်သာ ပါဝင်ဆောင်ရွက်စေခြင်းဖြင့်စားသုံးသူများအတွက်လုံလောက်သောစွမ်းဆောင်ရည်ပြည့်ဝသည့် ODR စနစ်ကိုမရနိုင်ပေ။

ODR စနစ်တွင်မည်သည့်အစိုးရအဖွဲ့အစည်းများပါဝင်ဆောင်ရွက်စေသင့်သလဲ

          ဤအချက်သည် ODR စနစ်၏ရည်မှန်းချက်၊ နယ်ပယ်တို့နှင့်လည်း ဆက်စပ်နေပါသည်။ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ ၊လုပ်ထုံးလုပ်နည်းများတွင် စားသုံးသူ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် မည်ကဲ့သို့လုပ်ပိုင်ခွင့်ပေးထားသည်ဆိုသည့် အချက် အပေါ်တွင် လည်းစဉ်းစားရမည်ဖြစ်သည်။ရှေးဦးစွာ ODR ၏နယ်ပယ်ကိုမည်သည့်ကဏ္ဍ၊ မည်သည့် ရောင်းဝယ်ဖောက်မှု( ဥပမာ- e-Commerce )မျိုးတွင် ဆောင်ရွက်ရန်အတည်ပြုဆုံးဖြတ်ရမည်ဖြစ်ပြီး အဆိုပါနယ်ပယ်တွင် စားသုံးသူအငြင်းပွားမှုများကို အဓိကစားသုံးသူကာကွယ်ရေး အေဂျင်စီ တစ်ခုတည်းဖြင့် ဖြေရှင်းရန်လုံလောက်မှုရှိ/မရှိ အထူးဂရုပြုရန်လိုသည်။ စားသုံးသူကာကွယ်ရေး လုပ်ငန်း၏သဘောသဘာဝအရကဏ္ဍပေါင်းများစွာတွင် အငြင်းပွားမှုအမျိုးမျိုးကိုဖြေရှင်းရမည် ဖြစ်သည့် အပြင်ဆက်စပ်ဌာနဆိုင်ရာများနှင့်လည်းပတ်သက်ဆက်နွယ်နေမည်ဖြစ်သည့်အတွက် အဓိကစားသုံးသူ ကာကွယ်ရေးဌာနအပြင် အခြားသက်ဆိုင်ရာဌာနများကပါ ပါဝင်ဆောင်ရွက်စေသင့်ပါသည်။

မည်သည့်စီးပွားရေးလုပ်ငန်းအမျိုးအစားအတွက် ODR စနစ်ကိုဒီဇိုင်းဆွဲရမည်နည်း

       ODR စနစ်ကိုအသုံးပြုမည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းများအတွက်အခြားကဏ္ဍ/ လုပ်ငန်း အမျိုးအစားများနှင့် ခြားနားသောသွင်ပြင်လက္ခဏာရှိသည့် စီးပွားရေးလုပ်ငန်းကိုရွေးချယ် သတ်မှတ်ရမည်ဖြစ်ပြီး အွန်လိုင်းဖြင့် ရောင်းဝယ်ခြင်း ၊ပုံမှန်နည်းလမ်းများဖြင့်ရောင်းဝယ်ခြင်း၊ကုမ္ပဏီများ၏ အရွယ်စား စသည်တို့ကိုလည်း စဉ်းစားသင့်ပါသည်။ ထိုသို့သတ်မှတ်ရာတွင် ကုမ္ပဏီကြီးတွေကိုသာ ဦးစားပေးရည်ရွယ်ထားသင့် သလား၊ အသေးစားနှင့် အလတ်စားကုမ္ပဏီတွေကိုပါ ရည်ရွယ်သင့်သလားဆိုသည်ကိုလည်း စဉ်းစားရမည်ဖြစ်ပါသည်။ မည်သည့်ဒေသ၊ မည်သည့်လုပ်ငန်းအမျိုးအစားဖြစ်စေ ပြည်တွင်းကုမ္ပဏီများ  ၊သက်ဆိုင်ရာနိုင်ငံများတွင် ရောင်းဝယ်ဖောက်ကားမှုမျိုးစုံဆောင်ရွက်သည့် ကုမ္ပဏီများအတွက်ပါ ရှင်းရှင်းလင်းလင်းသတ်မှတ်ချက်များ ထားရှိရန်လိုပါသည်။ ထို့အပြင်အစိုးရပိုင်နှင့် အစိုးရဖက်စပ် လုပ်ငန်းများသည်လည်းအရေးကြီးသောပါဝင်ဆောင်ရွက်သင့်သူများဖြစ်ပါသည်။ ၎င်းတို့သည်လည်း ODR စနစ်တွင် ချိတ်ဆက်ထားသင့်ပါသည်။ စားသုံးသူများ၏နစ်နာမှုများကို အလွယ်တကူ တိုင်ကြားနိုင်ရေးနှင့် ကုစားခွင့်ရရှိရေးကိုသာ အဓိကဦးတည်၍ စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။

ODR စနစ်အားမည်သည့်စားသုံးသူများအတွက်ရည်မှန်းထားမည်နည်း

          ဤအချက်တွင်မည်သည့်စားသုံသူအုပ်စုအတွက် ODR စနစ်ကအသုံးဝင်နိုင်မည် ၊သင့်တော် နိုင်မည်ကို စဉ်းစားရန်ဖြစ်ပါသည်။ အထူးသဖြင့်အွန်လိုင်းကို အကျွမ်းတဝင် သုံးစွဲနိုင်သည့် စားသုံးသူများ အတွက်အဆင်ပြေနိုင်ပါသည်။

ODR စနစ်အားအဖွဲ့အစည်းစုံပါဝင်သည့်စနစ်အဖြစ်ဆောင်ရွက်မည်လား

       စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းများအကြားအငြင်းပွားမှုဖြေရှင်းရာတွင်အခြားတတိယအဖွဲ့အစည်းများကိုပါ ODR စနစ်တွင် ပါဝင်ဆောင်ရွက်စေသင့်သလားဆိုသည့် မေးခွန်းဖြစ်ပါသည်။ နိုင်ငံ တော်တော်များများတွင် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ညှိနှိုင်း ဖြေရှင်းနိုင်ရန် လုံလောက်သော စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမရှိကြသေးပါ။ စားသုံးသူများအနေဖြင့် ဥပဒေဆိုင်ရာဗဟုသုတအားနည်းနိုင်သည့်အပြင် အတွေ့အကြုံနည်းပါးနိုင်သည့်အတွက် ၎င်းတို့ အနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်ညှိနှိုင်းရန်အတွက် တတိယကြားနေအဖွဲ့အစည်း လိုအပ်နိုင်ပါသည်။ သို့ပါ၍ကမ္ဘာတဝှမ်းရှိ ODR စနစ်များတွင် တတိယကြားနေအဖွဲ့အစည်းကို ရွေးချယ်ဆောင်ရွက်နိုင်ရန် ထည့်သွင်း ဆောင်ရွက်ကြသည်ကို တွေ့ရပါသည်။ ဤနေရာတွင် တတိယ အဖွဲ့အစည်းအနေဖြင့် အစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ADR အဖွဲ့အစည်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ စားသုံးသူရေးရာ အသင်းအဖွဲ့များကို ODR စနစ်တွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် စဉ်းစားရမည် ဖြစ်ပါသည်။ ထို့အပြင် ODR စနစ်သည် ADR စနစ်အပေါ်အခြေခံထားခြင်းဖြစ်ရာ လက်ရှိ ဆောင်ရွက်နေသော ADR လုပ်ငန်းစဉ်နှင့် လိုက်ရောညီထွေဖြစ်သင့်ပါသည်။

၃။ဥပဒေဆိုင်ရာလိုအပ်ချက်များနှင့်လုပ်ငန်းစဉ်များ

     ODR စနစ်တွင် ပါဝင်ဆောင်ရွက်မည့်သူများနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအချက် များစွာရှိသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများအတွက် တာဝန်သတ်မှတ်ချက်များ၊ ဤ ပလက်ဖောင်းတွင်ဆောင်ရွက်သောဖြေရှင်းမှုများ၊ ဆုံးဖြတ်ချက်များသည်ဥပဒေနှင့်အညီ ဖြစ်စေရန် မည်သို့ဆောင်ရွက်ရမည် စသည်တို့ဖြစ်သည်။ ထို့အပြင် အချက်အလက်များသိမ်းဆည်းရေး၊ အချက် အလက်များလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံမှုရှိစေရေး ကာကွယ်ပေးရမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါအချက်များသည်ဥပဒေဆိုင်ရာလိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ရာတွင် စဉ်းစားရမည့်အချက်များဖြစ်သည်။

စားသုံးသူများနှင့်လုပ်ငန်းရှင်များအတွက်မည်သို့သောတာဝန်များသတ်မှတ်မည်နည်း

         ODR စနစ်အား စွမ်းဆောင်ရည်ရှိရှိအသုံးပြုနိုင်ရေးအတွက် မည်သည့်ကဏ္ဍ/ မည်သည့် လုပ်ငန်းအမျိုးအစားများကိုအဆိုပါစနစ်တွင်မဖြစ်မနေမှတ်ပုံတင်ရန်သတ်မှတ်မည်ကိုစဉ်းစားရန်ဖြစ်ပါသည်။ ODR စနစ်တွင်ညှိနှိုင်းမှုမှ ရရှိလာသောရလဒ်များနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူများကလိုက်နာကြစေရေး မည်သို့ဆောင်ရွက်ရမည်ကိုလည်း စဉ်းစားရမည်ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်အများအပေါ်စဉ်းစားရာ၌ ODR စနစ်သည်မည်သည့် ဥပဒေ မူဘောင်အပေါ် အခြေခံသည်ဆိုသည့် အချက်ပေါ်အလေးပေးရမည်ဖြစ်ပါသည်။ ထို့အပြင် ဖြေရှင်းမည့်လုပ်ငန်း အစီအစဉ်ကိုလည်း တိကျသေချာစွာ ချမှတ်ရန်လည်း လိုအပ်ပါသည်။ တိကျသေချာမှု ရှိစေရေးအတွက် ဆုံးဖြတ်ချက်ချခြင်း၊ အယူခံဝင်ခြင်းစသည်တို့ကိုပါ လုပ်ငန်းစဉ်သတ်မှတ်ရမည့်အပြင် မည်သည့် နည်းပညာဖြင့်ဆောင်ရွက်မည်ကိုလည်းစီမံထားရှိရန်လိုပါသည်။

          ODR စနစ်တွင်စီရင်ဆုံးဖြတ်မှုအပေါ်စီးပွားရေးလုပ်ငန်းရှင်က လက်မခံခြင်း သို့မဟုတ် ဆုံးဖြတ်ချက်အပေါ် တဖက်ဖက်ကကျေနပ်မှုမရှိခြင်းဖြစ်ပွားလာပါက မည်သို့ဆက်လက်ဆောင်ရွက် ရမည်ကိုလည်း သတ်မှတ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ODR စနစ်ဖြင့် ပြီးပြတ်အောင် မဖြေရှင်းနိုင်ပါက ဆက်လက်ဖြေရှင်းနိင်ရေးအတွက် နောက်တဆင့်သို့ မည်သို့ကူးပြောင်းရမည်ကို သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

          စနစ်၏လုပ်ငန်းစဉ်ကိုချမှတ်ရာတွင် စားသုံးသူအနေဖြင့် လုပ်ငန်းရှင်ကို တိုက်ရိုက်ချိတ်ဆက်ခွင့် ပြုမည်လား သို့မဟုတ် ကြားခံတတိယအဖွဲ့အစည်းကို စောင့်ကြည့်ခွင့်ပြုမည်လား၊ မည်သည်အတိုင်း အတာထိအလိုအလျှောက်ဆောင်ရွက်နိုင်မည်တို့ကိုလည်းသတ်မှတ်ရန်လိုအပ်မည်ဖြစ်ပါသည်။   လိုအပ်သော အဆင့်များ၊ မည်သည့်အဆင့်တွင် မည်သူတို့က ပါဝင်ဆောင်ရွက်မည်၊ အဆင့် အလိုက်ခွင့်ပြုသည့်ကြာချိန်တို့ကိုလည်း ပွင့်လင်းမြင်သာစွာဖော်ပြရန် လိုအပ်ပါသည်။ ထို့အပြင် လုပ်ငန်းစဥ်တစ်ခုလုံးအတွက် အနည်းဆုံးနှင့် အများဆုံးခွင့်ပြုသည့်ကြာချိန်တို့ကိုလည်း ဖော်ပြပေးရန် လိုပါသည်။

ODR ပလက်ဖောင်းမှတဆင့် အချက်အလက်များလွှဲပြောင်းခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို မည်သို့ ဆောင်ရွက်မည်နည်း

          မိမိနိုင်ငံရှိ အချက်အလက်လုံခြုံရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုပါသည်။ စီးပွားရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် သက်သေအထောက်အထားများကို သေချာစွာ ထိန်းသိမ်းရန်၊ အချက်အလက်များပျောက်ဆုံးခြင်း/ ပေါက်ကြားခြင်းမရှိစေရေး စီမံထားရန်လိုပါ သည်။သို့သော် အမှုတစ်ခုကို ဖြေရှင်းပြီးပါက မှတ်တမ်းမှတ်ရာအလုံးစုံကို သိမ်ဆည်းရန်မလိုအပ်ပါ။ မည်သည့်လုပ်ငန်းအမျိုးအစား၊ မည်သည့်ကဏ္ဍတွင် အငြင်းပွားမှုအနည်းဆုံး/ အများဆုံးဖြစ်သည်ကို စာရင်းအင်းပြုစုနိုင်ရန်အတွက်သာ အချက်အလက်များကို သိမ်းဆည်းထားသင့်ပါသည်။

၄။ IT နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့်အလိုအလျှောက်ဆောင်ရွက်နိုင်မှု

ODR စနစ်တွင်အပြန်အလှန်ချတ်ဆက်ဆောင်ရွက်နိုင်မှုအတိုင်းအတာကိုမည်သို့ထားရှိသင့်သနည်း

          ODR စနစ်ကိုဆောင်ရွက်မည့်နယ်ပယ်၏ အရွယ်အစားကိုထည့်သွင်းစဉ်းစားရန်မလိုပါ။ အဓိက စဉ်းစားရန်မှာပလက်ဖောင်းနှင့်ချိတ်ဆက်မှုများကိုခွင့်ပြုပေးနိုင်ရန်အတွက် IT ဆိုင်ရာစံချိန်စံညွှန်း များနှင့် အနိမ့်ဆုံးလိုအပ်ချက်များကို ပြည့်မီသောဒီဇိုင်းတည်ဆောက်နိုင်ရန်ဖြစ်သည့်အတွက် ကျွမ်းကျင် ပညာရှင်အား ငှားရမ်းဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့သို့ဆောင်ရွက်မှသာ ODR စနစ်အား ချဲ့ထွင်ရန်နှင့် လိုအပ်ပါက အမှုကိုအခြားစနစ်များသို့ လွှဲပြောင်းပေးနိုင်ရန် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ODR အပြိုင်ဆောင်ရွက်လျက်ရှိသော အခြားစနစ်များဖြစ်သည့် စီးပွားရေး လုပ်ငန်းအချင်းချင်း အငြင်းပွားမှုများကို ဖြေရှင်းသည့်စနစ်များ၊ အခြားတရားရုံးများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရေးအတွက်ပါ စဉ်းစားရမည်ဖြစ်ပါသည်။ အခြားကဏ္ဍများ၊ အခြားနိုင်ငံများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရေရှည်အမြင်ဖြင့်ဆောင်ရွက်ရန်လိုပါသည်။ နောက်တဆင့်သို့ ကူးပြောင်း ဆောင်ရွက်ရာတွင်လွယ်ကူချောမွေ့စေရေး IT နည်းပညာကို ကြားခံအဖြစ်အသုံးပြုရန် စီမံဆောင်ရွက် ရမည်ပါသည်။

ODR စနစ်တွင်မည်သည့်အစိတ်အပိုင်းများကိုအလိုအလျှောက်ဆောင်ရွက်ပေးမည်နည်း

          အခြားတရားစီရင်ရေးဥပမာများကို လေ့လာကြည့်ရာအွန်လိုင်းပလက်ဖောင်းတွင် တိုင်ကြားလွှာ ဖြည့်သွင်းရန်အတွက် ရွေးချယ်ရန်စနစ်များစွာထားရှိကြပါသည်။ တိုင်ကြားမှုကို မည်သည့် နည်းလမ်းများဖြင့် ODR ပလက်ဖောင်းက လက်ခံမည်ဆိုသည့် အချက်ကို စဉ်းစားရန် ဖြစ်ပါသည်။

( ဥပမာ  - Website complaint system ၊ Mobile Application ၊ e-mail ၊ call center ) နောက်တစ်ချက်မှာပလက်ဖောင်းတွင်တိုင်ကြားမှုကိုလက်ခံပြီးနောက်မည်သို့ဆက်သွယ်မည်၊ မည်သို့ ဖြေရှင်းမည်ကိုသတ်မှတ်ရမည်ဖြစ်ပါသည်။ (ဥပမာ Digital media မှတဆင့် တွေ့ဆုံရန်၊ အငြင်းပွား ကြသူများတိုက်ရိုက်တွေ့ဆုံခွင့်ပြုရန်/ မပြုရန် ) EU ODR စနစ်တွင် တစ်စိတ်တပိုင်းကိုသာ အလိုအလျောက်ဆောင်ရွက်ပေးသည်ကိုတွေ့ရသည်။ ( ဥပဒေ- ဖြေရှင်း ပေးစေလိုသည့် နည်းလမ်းနှင့် ဖြေရှင်းပေးမည့်ADR အဖွဲ့အစည်းကိုနှစ်ဖက်သဘောတူညီချက်ရယူခြင်း) ထို့နောက်သမရိုးကျ နည်းလမ်းဖြင့်ဖုန်းခေါ်ဆိုခြင်း၊ အငြင်းပွားကြသူများမျက်နှာချင်းဆိုင်ဖြေရှင်းခြင်းတို့ကို ဆက်လက် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။ အခြားနည်းလမ်းအားဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းအဆင့်များ၊ အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း(ဥပမာ - Video conferences) စသည်တို့ကို Automation ဖြင့်ဆောင်ရွက်နိုင်ပါသည်။ AI နည်းပညာနှင့် အခြားတီထွင်ဖန်တီးမှုများကိုလည်း အသုံးပြုနိုင်ပါသည်။

ODR စနစ်တွင်ဘာသာစကားအခက်အခဲနှင့်စာမတတ်မှုအခက်အခဲကိုမည်သို့ကျော်လွှားနိုင်မည်နည်း

          ODR စနစ်၏ အဓိကရည်ရွယ်ချက်မှာစားသုံးသူများ၏ နစ်နာမှုများကို အလွယ်တကူ ကုစားခွင့် ရရေးဖြစ်ပါသည်။ ဘာသာစကားကွဲပြားမှုသည် စားသုံးသူများအတွက် အခက်အခဲဖြစ်နိုင်သည့်အတွက် ယုံကြည်စိတ်ချရသည့်ဘာသာပြန်ခြင်း သို့မဟုတ် စကားပြန်အဖြစ်ဆောင်ရွက်ခြင်းဝန်ဆောင်မှုများ လိုအပ်ပါသည်။ ODR စနစ်တွင် အလိုအလျှောက်ဘာသာပြန်ပေးနိုင်သော ဝန်ဆောင်မှုပါဝင်သင့် ပါသည်။ ဥပမာ EU ODR စနစ်တွင် အရေးကြီးသော သတင်းအချက်အလက်များကို ဘာသာပြန် ပေးသည်ကို တွေ့ရပါသည်။ ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ရိုးရှင်း လွယ်ကူသည့်ဘာသာစကားကို အသုံးပြုရန်နှင့်ဥပဒေနှင့် ပတ်သက်သောအသိပညာနှင့် ပညာရေးနှင့် စာတတ်မြောက်မှုအားနည်းသော စားသုံးသူများကို ထောက်ပံ့ကူညီပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါ သည်။

၅။စီမံကွပ်ကဲခြင်းနှင့်တာဝန်ခံခြင်း

ODR စနစ်အားမည်သူကဦးဆောင်၍စီမံကွပ်ကဲရမည်နည်း

          နိုင်ငံအများစုတွင် စားသုံးသူကာကွယ်ရေးဥပဒေများ၌ ပြဌာန်းထားသည့်အတိုင်း အဓိက စားသုံးသူကာကွယ်ရေးအေဂျင်စီကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဓိက စားသုံးသူ ကာကွယ်ရေးအေဂျင်စီအနေဖြင့် စီမံကွပ်ကဲသူအဖြစ်ရော အဓိကထောက်ပံပေးသူအဖြစ်ပါ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ သို့သော် ကဏ္ဍအလိုက် တာဝန်ခံဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။ (ဥပမာ ဆက်သွယ်ရေးကဏ္ဍ) သက်ဆိုင်ရာ ဆက်စပ်ဥပဒေများအရ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ပိုင်ခွင့် အခွင့်အာဏာရှိကြသော အခြားအစိုးအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ ကဏ္ဍအသီးသီးတွင် ဦးဆောင်စေသင့်ပါသည်။ ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်တို့ကို သုံးသပ်၍ ပါဝင်ဆောင်ရွက် စေသင့်ပါသည်။ အကယ်၍ သက်ဆိုင်ရာအစိုးရဌာနအနေဖြင့် ၎င်းတို့တာဝန်ယူ ဆောင်ရွက်နေသော ကဏ္ဍတွင်အငြင်းပွားမှုများကို ODR ပလက်ဖောင်းတွင် ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် လုံလောက်သောဘဏ္ဍာငွေ၊နည်းပညာနှင့်လုပ်ပိုင်ခွင့်များရှိသည်ဆိုပါကအဆိုပါအစိုးရဌာနအား ODR စနစ်တွင် အငြင်းပွားမှုဖြေရှင်းခွင့်ပြုနိုင်ရေး ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားရယူ ဆောင်ရွက်ခွင့် ပြုသင့်ပါသည်။

ODR စနစ်အားစီမံကွပ်ကဲရာတွင်တာဝန်ခံမှုအားမည်သို့ထိန်းသိမ်းဆောင်ရွက်ရမည်နည်း

          ဤအချက်သည် ODR စနစ်အား လူအများကလက်ခံစေရေးသာမက စားသုံးသူများ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့၏ ယုံကြည်မှုတည်ဆောက်ရန်အတွက်ပါ အရေးကြီးသော အချက်ဖြစ် သည်။ သို့ဖြစ်၍ အဓိကစားသုံးသူကာကွယ်ရေးအေဂျင်စီအနေဖြင့် ODR စနစ်ကိုထူထောင်ရန်နှင့် တရားဝင်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုပါသည်။အနည်းဆုံးအားဖြင့် ODR စနစ်ကိုမည်သို့ လည်ပတ် ဆောင်ရွက်သည်ကို အချက်အလက်များချပြရန် လိုအပ်မည်ဖြစ်ပါသည်။ ဖြေရှင်းပေးပြီးသော အမှုများနှင့် ပတ်သက်၍ ကာလအပိုင်းအခြားအလိုက် အောင်မြင်မှုရာခိုင်နှုန်းကို စောင့်ကြည့် ကြပ်မတ်ရန်နှင့် လူထုသိစေရေးချပြရန်လိုအပ်ပါသည်။ မည်သည့်နယ်ပယ် သို့မဟုတ် မည်သည့် ကဏ္ဍတွင် တိုင်ကြားမှုအကြိမ်ရေအများဆုံးရှိသည်ကိုလည်ကောင်း စီးပွားရေးလုပ်ငန်း အသိုင်း အဝိုင်းကြား မည်သူတို့သည်ကြူးလွန်မှုအများဆုံးဖြစ်သည်ကိုလည်း ကောင်းချပြရမည် ဖြစ်ပါသည်။ ထို့ အပြင် ODR စနစ်တွင်လူထုမှ အကြုံပြုချက်၊ သုံးသပ်ချက်ပေးပို့နိုင်ရေး စီမံဆောင်ရွက်ထားသင့် ပါသည်။ အဆိုပါအကြုံချက်၊သုံးသပ်ချက်များသည်ပိုမိုထိရောက်ကောင်းမွန်သော ODP စနစ်အား ချဲ့ထွင်ဆောင်ရွက်နိုင်ရေး အထောက် အပံ့ကောင်းများဖြစ်ပါသည်။

             ASEAN Strategic Action Plan on Consumer Protection (ASAPCP) 2025 ၏ Outcome 3.2 အရ အာဆီယမ်အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်( ASEAN Online Dispute Resolution-ODR )ကို ၂၀၂၅ခုနှစ်တွင် တည်ထောင်ရမည်ဖြစ်ပါသည်။ အာဆီယမ် ODR ကွန်ယက်ကို တည်ထောင်နိုင်ရန်အတွက် အာဆီယမ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် National ODR များကို ရှေးဦးစွာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အာဆီယမ် စားသုံးသူကာကွယ်ရေး ကော်မတီကလည်း National ODR Guideline ကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ထုတ်ပြန်ပေးထားပါသည်။  ထို့အပြင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်(၂၀၂၁-၂၀၂၅)၏  လုပ်ငန်းစဉ် ၅.၄ တွင် National ODR ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားပြီး ဖြစ်ပါသည်။ 

        ထိုင်းနိုင်ငံ၏ ODR ဥပမာကိုလေ့လာခြင်းဖြင့် National ODR ကို ရှေးဦးစွာ ပိုင်းလော့ပရိုဂျက်ဖြင့် စတင်ဆောင်ရွက်သင့်ကြောင်း တွေ့ရှိရပါသည်။ ODR တည်ထောင်ရန်အတွက် ပထမဆုံးစဉ်းစားရမည့် အချက်မှာ မည်သည့်နယ်ပယ်၊ မည်သည့်ကဏ္ဍမှ စတင်ဆောင်ရွက်မည်ဆိုသည့် အချက်ဖြစ်ပါသည်။ ODR စနစ်ဖြင့် အငြင်းပွားမှုဖြေရှင်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအပါအဝင်တည်ဆဲ ဥပဒေများနှင့် ညီညွတ်မှုရှိစေရန်၊ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူတိုင်ကြားမှု ဖြေရှင်းခြင်းလုပ်ငန်းစဉ် များနှင့် ညီညွတ်မှုရှိစေရန်၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများနှင့်ဆွေးနွေးညှိနှိုင်းရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် ODR အား ပိုင်းလော့ပရိုဂျက်ဖြင့် စတင်ပြီး အတွေ့အကြုံအားသာချက်၊ အားနည်းချက်များအပေါ်သုံးသပ်၍ လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းတို့ကို လျာထား ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ORD ဒီဇိုင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့်ကိုက်ညီစေရေး ကျွမ်းကျင်ပညာရှင် Web developer ကို ငှားရမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ National ODR အတွက် ကြိုတင် ပြင်ဆင်ခြင်းအပိုင်းကို အချိန်ယူ၍ဆောင်ရွက်ရန် လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

DOCA(စစ်ကိုင်း)