"ရွှေစွန်" ခေါက်ဆွဲခြောက်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက် ဖြစ်သော ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အာဏာတည်ပြီး ဖြစ်ပါသည်။ စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ အခက်အခဲ မရှိလိုက်နာဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက်အုပ်စု(၈)ခုခွဲ၍ အသေးစိတ်ညွှန်ကြား ချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ ၃ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာသောနစ်နာဆုံးရှုံးမှုများကာကွယ်ပေးရန်၊ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဘဏ္ဍာရေးနှစ်အလိုက် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်ရယူပြီး ဦးစားပေးကုန်စည်များ သတ်မှတ်လျက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းကာ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလတွင် အသင့်သောက်အချိုရည် အမျိုးမျိုး၊မေလတွင် စားသုံးဆီအမျိုး မျိုး၊ ဇွန်လတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်မုန့်အမျိုးမျိုး၊ ဇူလိုင်လတွင် အရန်သင့်အစားအစာ အမျိုးမျိုး၊ ဩဂုတ်လတွင် သောက်ရေသန့်အမျိုးမျိုး၊ စက်တင်ဘာလတွင် ဆရာဝန်ညွှန်ကြားချက် မလို အိမ်သုံးဆေးဝါးသောက်ဆေးမျိုးမျိုး၊ အောက်တိုဘာလတွင် တိုင်းရင်းဆေးအမျိုးမျိုး၊ နိုဝင်ဘာလ တွင် ကလေးနှင့်လူကြီးဖြည့်စွက်စာ အမျိုးမျိုး၊ ဒီဇင်ဘာလ တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းအမျိုးမျိုး၊ ဇန်နဝါရီလတွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဖေဖော်ဝါရီလတွင် အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးနှင့် မတ်လတွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား သက်ဆိုင် ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်ပစ္စည်း များအား ဥပဒေများနှင့် အညီ ဖြစ်စေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက် ရှိပါတယ်။

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများနှင့်ကုန်စည်အမျိုးအစားအားလုံး ရာခိုင်နှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရန်အတွက် အစီအစဉ်အသစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက် သည့်အနေဖြင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ယခင်က ဈေးကွက်ရောက်ပြီး ကုန်စည်များကို စစ်ဆေးဆောင်ရွက်သည့်စနစ် (Post Market Surveillance) ဖြင့် အဓိကထား စစ်ဆေးခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စစ်ဆေးသည့်စနစ် (Pre-Market Surveillance) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းအား ကုန်စည် ထုတ်လုပ်သည့်လုပ်ငန်း များ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းစာရင်းများပြုစု၍ လအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျာထားချက်များသတ်မှတ်ကာ လုပ်ငန်း စီမံချက်ရေးဆွဲ၍ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံတင်ပြခွင့်ပြုချက်ရယူပြီး စစ်ဆေးဆောင်ရွက် ခြင်းများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်မန္တလေးမြို့ပေါ်ရှိ ပြည်ကြီးတံခွန်မြို့နယ်တွင် ခေါက်ဆွဲခြောက်အမျိုးမျိုး ထုတ်လုပ်သည့် "ရွှေစွန်" ခေါက်ဆွဲခြောက်လုပ်ငန်းသို့ ဈေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Survillance) ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)