ထောပတ်သီးအကြောင်းသိကောင်းစရာနှင့်ထောပတ်သီးစိုက်ပျိုးနည်း

Powered by Drupal

              ထောပတ်သီး၏မူလဒေသမှာ မက်ဆီကိုတောင်ပိုင်းမှ မူလအရင်းတည်ဟုဆိုသော်လည်း ရီယိုဂရမ်းမှ ပီရူးအလယ်ပိုင်းသို့ရောက်၍ ဥရောပသို့ရောက်ရှိဖြစ်ထွန်းခဲ့သည်။ ထိုမှတဆင့် အိန္ဒိယအနောက်ပိုင်း၊ ထို့နောက် ကောင်းမွန်သော ရာသီဥတုရှိသော ပတ်ဝန်းကျင်ရှိအပူပိုင်းနှင့် နွေးသမပိုင်းများဆီသို့ ပျံ့နှံ့ရောက်ရှိသွားသည်။  ကိုင်းဖြတ်စိုက်ပျိုးခြင်းကို ၁၈၉၀တွင် စတင်အသုံးပြု လာကြပြီး အသီးသီး ကာလကြာရှည်အောင်ပြုလုပ်ရန်အတွက် ကိုင်းဖြတ်စိုက်ပျိုးခြင်းကို အသုံးပြု လာကြသည်။ ယခုလက်ရှိတွင် ကာရေဘီယန်နှင့် အပူပိုင်း အမေရိကတွင် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နေကြသည်။ ထောပတ်ပင်သည် သိပ်သည်းပြီး၊ အမြဲစိမ်းအပင်များဖြစ်၍ နွေဦးအစောပိုင်း တွင်အရွက်များစွာ ကြွေတတ်သည်။ ကြီးထွားမှုလျင်မြန်သော အပင်ဖြစ်ပြီး အမြင့်၂၄မီတာ (၇၈)ပေထိ ရောက်နိုင်သောအပင်ဖြစ်သည်။ အပင်ကြီးမျိုး အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကြီးထွား တတ်သော အပင်မျိုးဖြစ်သည်။ ကြီးထွားမှုသည် အရွက်များကြွေခြင်းကို တောင်ပိုင်းဒေသတွင် မကြာခဏဖြစ်သော်လည်း ပိုမိုအေးမြသော ဒေသများတွင် တစ်နှစ်တွင်တစ်ကြိမ်သာ ကြွေသည်။ ထောပတ်ရွက်များသည် ကိုင်းပေါ်တွင် တစ်လှည့်စီထွက်ပြီး၊ ဘဲဥပုံအဝိုင်းရှိခါ အစိမ်းဖျော့ရောင် ရှိသည်။ အရွက်တစ်ရွက်သည် နှစ်နှစ်မှ သုံးနှစ်ကြာသည်အထိ အပင်ပေါ်တွင်ရှိနိုင်သည်။ အိန္ဒိယမျိုးတွင် အရွက်မှာအနံ့မရှိသော်လည်း ဂွတီမာလာမျိုးတွင်မူ အနည်းငယ်စူးရှသော အနံ့ရှိသည်။ ဆေးဖက်ဝင်သည်။ မက်ဆီကန်မျိုးများသည်လည်း ပြင်းရှသောအနံ့တစ်ခုရှိသည်။ အဆီဓာတ်ပါဝင်မှုများပြီး မြေဆွေးဖြစ်ရန် ကြာချိန်ကြာမြင့်ကာ ထောပတ်ပင်ကြီးများ၏ အပင် အောက်တွင် စုပုံနေသည်ကိုတွေ့ရလေ့ရှိသည်။

          တစ်ရာသီ၏စတင်အပွင့်ပွင့်ချိန်သည် ဇန်နဝါရီလမှမတ်လဖြစ်ပြီး အကိုင်းတစ်ခုတွင် အပွင့်အဝါလေးများ ၂၀၀မှ၃၀၀အထိ ပွင့်သည်။ အကိုင်းတစ်ခုတွင် အသီးတစ်လုံးမှ သုံးလုံးအထိသီးနိုင်သည်။ အပွင့်များတွင် မနက်ပိုင်းဝတ်မှုန်ကို လက်ခံပြီး နေ့လည်ပိုင်းတွင် ဝတ်မှုန်ခြွေတတ်သောအပွင့်နှင့် နေ့လည်ပိုင်းဝတ်မှုန်ကိုလက်ခံပြီး မနက်ခင်းပိုင်းတွင် ဝတ်မှုန်ပြန်ခြွေတတ်သော အပွင့်ဟူ၍နှစ်မျိုးရှိသည်။  အကိုင်းအခက်တစ်ခုမှပွင့်လိုက်သော အပွင့်များ၏ ၅ရာခိုင်နှုန်းသော အပွင့်များသည် မြုံနေတတ်သည်။ ယင်းနှစ်မျိုးနှစ်စားကို တစ်ခြံထဲတွင်စိုက်ပျိုးပါက ထုတ်လုပ်မှုတွင် အထွက်နှုန်းမြင့်သည်။ ဆောင်းတွင်းမှလွဲ၍ တစ်နှစ်ပတ်လုံး ပင်ခြားဝတ်မှုန်ကူးခြင်းကို ကောင်းစွာဖြစ်ပေါ်နိုင်သည်။ အသီးသီးနိုင်သည်။ အချို့သောမျိုးများတွင် တစ်နှစ်ခြားစီပွင့်ပြီး အသီးသီးနိုင်သည်။ ဂွာတီမာလာမျိုးများသည် မကြီးမငယ်လွန်း၊ ဘဲဥပုံသို့မဟုတ် သစ်တော်သီး အစိမ်းရောင်ရှိပြီး ရင့်မှည့်ချိန်တွင် အနက်ရောင် ကဲသော အစိမ်းရင့်ရောင်သို့‌ ပြောင်းလဲသွားသည်။ မက်ဆီကန်မျိုးတွင်မူ အခွံပါးလွန်းပြီး အလုံးသေးငယ်ခါ ရင့်မှည့်ချိန်တွင် အနက်ရောင်စိုစိုသို့ ပြောင်းလဲသွားသည်။ ထောပတ်အသားသည် အခွံနားတွင်အစိမ်းရောင်ရှိပြီး  အစေ့နှင့်နီးလာလေ အသားရောင်ပိုဝါလာလေဖြစ်သည်။ အသားသည် အနည်းငယ်သော်လည်း ထောပတ်သားကဲ့သို့ နူးညံ့သည်။ လေတိုက်၍ အသီးပြုတ်ကျခြင်း အသီးနာခြင်းတို့သည် အတွင်းရှိ ထောပတ်သားထိတိုင် ပျက်ဆီးစေသည်။ ထောပတ်သီး အတွင်းတွင်မူ အဆီပါဝင်မှုသည် သံလွင်သီးပြီးလျှင် အမြင့်ဆုံးဖြစ်ပြီး တစ်ခါတစ်ရံ သံလွင်သီး ထက်ပင် များပြားသေးသည်။

          ထောပတ်သီးပင်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားသည် မျိုးနှင့်မြေကြီးအမျိုးအစားပေါ်တွင် မူတည်သေးသည်။ မြေဖွသည့် အမျိုးအစားတွင် နှစ်ဆယ်ပေအကွာတွင် စိုက်ပျိုးသင့်ပြီး မြေဆီလွှာကောင်းပြီး မြေနည်းနည်းသိပ်သည့် အမျိုးအစားတွင် ပေနှစ်ဆယ်ခြောက်ဆယ်မှ သုံးဆယ့်နှစ်ပေအထိ ကွာထားရန်လိုအပ်ကြသည်။ ပင်ကြားတန်းကြားစိပ်ပါက ကိုင်းဖျားခြောက်၍ သေတတ်သည်။ အချို့က ခုနှစ်ပေရှစ်ပေအကွာသာစိုက်ကြပြီး ရှစ်နှစ်သားရောက်‌သောအခါ ပေနှစ်ဆယ်ကြားတစ်ပင်ချန်၍ ကျန်သောအပင်များကို ခုတ်ပစ်လိုက်ကြသည်။ အရင်းမှခုတ်လှဲပြီး အပင်ငုတ်တိုသာ ထားကြသည်လည်း ရှိသည်။  အပင်ပေါက်ကလေးကို ကျင်းအနက်တစ်ပေခွဲတွင် မြေဆွေးသုံးပုံနှစ်ပုံထိရောက်အောင် ထည့်၍စိုက်ပါ။ စိုက်ပြီးလျှင် ရေပုံမှန်လောင်းခြင်း၊ ပေါင်းရှင်းခြင်းကိုအခါအားလျော်စွာ ပြုလုပ်သင့်သည်။ အစက်ချ၍ ရေပေးခြင်းသည် အပင်ပတ်ဝန်းကျင်၏ မြေမျက်နှာအပေါ်ဖက်ကို စိုစွတ်အောင် ထားခြင်းကအာဟာရဓာတ်ကို တစ်ခါထဲထည့်ကျွေးထားပါက ပိုမိုထိရောက်သည်။ စီးပွားဖြစ်စိုက်ပျိုးခြင်းဖြစ်သဖြင့် အချို့က အပင်ကို ရှစ်ပေထက်ပိုပေးမကြီးစေဘဲ အမြဲတစ်စေတိ၍ထားခြင်းက အသီးကိုလည်း ပိုမိုသီးစေအောင် ဖန်တီးကြသည်။ သို့ရာတွင် ဂရုစိုက်ရန်မှာ အပင်ကြီးများ၏သဘောသဘာဝအရ ခေါင်နှိမ်ခြင်းသည် ထပ်မံ၍ ပိုမြင့်အောင်ကြီးထွားတတ်သော သဘောရှိပြီး ဘေးကိုင်းများတွင် အသီးများပိုမိုသီးစေခြင်းက ကိုင်းများကျိုးကျခြင်းကိုလည်း ဖြစ်စေတတ်သဖြင့် ဂရုစိုက်ရန် လိုအပ်သည်။ အချို့က ထောပတ်မကြီးခင် ငှက်ပျောပင်များကြားညှပ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရှာကြသည်။ တောင်စောင်းနှင့် ချိုင့်ဝှမ်းများတွင် စိုက်ပျိုးရာတွင် ပူသောလေသည် အပေါ်သို့တတ်သည့် သဘောရှိသဖြင့် အောက်ပိုင်းချိုင့်ဝှမ်းအတွင်းတွင် စိုက်ပျိုးထားသော အပင်များ၌ အစိုဓာတ်များခြင်းအပြင် ဆီးနှင်းကိုက်သည့်ဒဏ်ကိုလည်း ခံရနိုင်သဖြင့် ‌ရှောင်ရှားရမည့်အပြင် တောင်စောင်းများ မတ်စောက်လေ သီးနှံခြံကို စီမံခန့်ခွဲရာတွင် ပိုမိုအကုန်အကျများလေဖြစ်ကြောင်း သိထားသင့်သည်။ အပင်တစ်နှစ်သားအထိ မြေဆီသြဇာကို သုံးလတစ်ကြိမ်ကျွေးပါ။ တစ်နှစ်ထက်ပိုသော အပင်များကို ဆောင်းရာသီကုန်ခါနီး သို့မဟုတ်နွေဦး အစောပိုင်းတွင် နိုက်ထရိုဂျင်ပါဝင်မှုများသော မြေသြဇာကျွေးခြင်းသည် ပိုမိုထိရောက်သည်။ ယေဘုယျအားဖြင့် နှစ်လတစ်ကြိမ် မြေသြဇာပမာဏ အနည်းငယ်ကို အသီးကင်းမဝင် သေးသည့်အချိန်ထိ ပုံမှန်ထည့်ပေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အသီးမသီးမှီ အပင်ပိုင်းကြီးထွားမှု ဖြစ်နေစဥ်အတွင်း တစ်နှစ်လျှင် မြေသြဇာနှစ်ပိဿာမှ သုံးပိဿာအထိ ကျွေး‌ပေးရန်လိုအပ်သည်။ အပွင့်ပွင့်နေသောအချိန်တွင် မြေသြဇာမကျွေးရပါ။ ကျွေးလိုလျှင် အသီးကင်းဝင်ပြီးသောအခါမှသာ ကျွေးသင့်သည်။ နိုင်ထရိုဂျင်သည် အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို အားပေးသဖြင့် အအေးဓာတ်ခံနိုင်မှု၊ အသီး၊ အရွယ်အစားနှင့် အထွက်နှုန်းပေါ်တွင် များစွာလွှမ်းမိုးမှုရှိသည်။ မြေအမျိုးအစားပေါ်မူတည်၍ မြေသြဇာအမျိုးအစားများလည်း ကွဲပြားမှုရှိ သည်။

          ခြောက်သွေ့သောရာသီဥတုတွင်သာ ရေသွင်းခြင်းကိုလိုအပ်သည်။  ရေဝပ်ခြင်းကို ကြိုက်နှစ်သက်သော အပင်မဟုတ်ပါ။ ရေသွင်းရန်လိုမလိုကို အပင်ခြေတွင် ၃လက်မအနက် ကျင်းပတ်လည် တူးပါ။ ရေဖြည့်ပါ။ ရေစိမ့်သွားပြီးနောက် မြောင်းထဲမှမြေကို ဆုပ်ကိုင်ကြည့်ပါ။ မြေလုံးမပြတ်လျှင် ရေသွင်းရန်မလိုပါ။ မြေလုံးကွဲ၍ မြေဖွာနေလျှင် ရေသွင်းရန်လိုအပ်သည်။  ထောပတ်ပင်သည် ဆားငံဓာတ်ကို အတော်အသင့်ခံနိုင်ရည်ရှိသော်လည်း အရွက်ထိပ်များ လောင်ခြင်း ဖြစ်ပေါ်လာလျှင် ဆားဓာတ်လွန်ကဲသည့် လက္ခဏာပြသည်။ ရေသွင်းမြောင်း ခပ်နက်နက် တူးခြင်းက ဆားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေသည်။

          ထောပတ်သီးတွင်ကြွယ်ဝစွာပါဝင်သော အဆီဓာတ်သည်လည်း အရေပြားစိုပြေလှပမှု အတွက် အထောက်အကူပြုရုံသာမက ဆံပင်ကျန်းမာရေးအတွက်လည်း ကောင်းကျိုး ပေးသည်။ ထောပတ်သီးသည် အဆီဓာတ်ကြွယ်ဝများပြားစွာပါသောကြောင့် အဆီကျစေရန်အတွက် မစားသင့်ဘူးဟုယူဆလျှင် မှားသွားပါလိမ့်မည်။ထောပတ်သီးများထဲက အဆီဓာတ်အများစုသည် ကျန်းမာ‌ရေးအတွက်သင့်တော်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးထားသောကြောင့် မကြာခဏ ဗိုက်ဆာခြင်းကို မဖြစ်စေရန် လုပ်ပေးနိုင်ပါသည်။ ထောပတ်သီးသည် အသားအ‌ရေကို ဖြူစင်ဝင်းပကြည်လင်စေပါသည်။ ဝက်ခြံများကိုလည်းသက်သာစေသည့်အပြင် ဝက်ခြံများထက်၍ ထွက်မလာစေရန်လည်း တားဆီးပေးပါသည်။ ခြောက်သွေ့နေသောအသားအရေကိုလည်း အိစက်ညက်ညောစေနိုင်ပါသည်။အရွယ်တင်နုပျိုစေသည့်အပြင်ဘေးထွက်ဆိုးကျိုးများလည်းမဖြစ်စေပါ။  ထို့ကြောင့် ထောပတ်သီးသည် ကျန်းမာရေးအတွက်သာမက အလှအပရေးရာ အတွက်လည်း အလွန်ပင်အသုံးဝင်စေပါသည်။

DOCA(ပဲခူး)