
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်လျက် ထိုင်းနှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရများအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ (Memorandum of Cooperation ̶ MOC) ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီချက်အား ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြား ကုန်သွယ်မှုဌာနနှင့် စင်ကာပူနိုင်ငံဘက်မှ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) တို့က အဓိကပါဝင် သည့် အေဂျင်စီများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ MOC တွင် ပါဝင်သည့် အဓိကအချက်များအနက် လက်မှတ်ရေးထိုးသည့်နေ့မှစပြီး ငါးနှစ်အတွင်း စင်ကာပူအစိုးရထံ ဆန်တန်ချိန် တစ်သိန်းအထိ ရောင်းချရန် ထိုင်းအစိုးရ၏ ကတိ ကဝတ်များ ပါဝင်ကြောင်း သိရသည်။ စင်ကာပူ၏ လိုအပ်ချက်နှင့် နှစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုနှင့် သုံးစွဲမှု အခြေအနေများပေါ် မူတည်၍ အဆိုပါ သဘောတူညီချက်အား ငါးနှစ်အထိ ပြန်လည် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။
ရောင်းဝယ်မှုစနစ်သည် ပုံသေစျေးနှုန်း ကြိုတင်သတ်မှတ်ထားခြင်းမရှိပဲ အရောင်းအ၀ယ် တစ်ကြိမ်ပြုလုပ်တိုင်း ယင်းအချိန်ကာလ၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံတကာဈေးကွက် ပေါက်ဈေး အပေါ် မူတည်၍ ပေးချေရန် သဘောတူညီထားသည်။ ၎င်း MOC လက်အောက်ရှိ ငွေပေးငွေယူ ကိစ္စရပ်များကို နိုင်ငံတကာ ကုန်သွယ်မှု ကျင့်ထုံးများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
စင်ကာပူအနေဖြင့် တန်ချိန် ၁၀၀၀၀၀ ကို အပြည့်ဝယ်ယူရန်မလိုအပ်ကြောင်း၊ ၎င်းပမာဏ သည် ငါးနှစ်အတွင်း ဝယ်ယူရန် အများဆုံးတန်ချိန် သတ်မှတ်ထားခြင်းဖြစ်ပြီး အမှန်တကယ် ကုန်သွယ်မှုသည် စင်ကာပူဘက်မှ လိုအပ်ချက်အပေါ် မူတည်ကြောင်း၊ ငါးနှစ်တာကာလအတွင်း မည်သည့်ဘက်မှမဆို စာချွန်လွှာကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပြုပြင်ပြောင်း လဲခြင်းများကို နှစ်ဖက်သဘောတူချက်ဖြင့် တောင်းဆိုနိုင်ကြောင်း၊ မည်သည့်ဘက်မှမဆို သံတမန် လမ်းကြောင်းများမှတစ်ဆင့် အနည်းဆုံးခြောက်လ ကြိုတင်၍ အကြောင်းကြားစာပေးပို့လျက် သဘောတူညီချက်ကို ရပ်စဲနိုင်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စင်ကာပူသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၂.၁၄ သန်းရှိသော ဆန် ၁၁၃၅၄၉ တန်ကို တင်ပို့နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၉၀၀၃၁ တင်ပို့ထားပြီးဖြစ်ရာ ပမာဏအားဖြင့် ၈၅၇၄၂ တန်ရှိခဲ့သည့် ၂၀၂၄ ခုနှစ် အလားတူကာလထက် ၅% တိုးတက်လာခဲ့ပါသည်။ ထိုသို့ တင်ပို့သည့် ဆန်ပို့ကုန် အများစုမှာ ထိုင်းစံပယ်ဆန် (၄၉.၉၉%)၊ ဆန်ဖြူ (၂၉.၀၄%) နှင့် ထိုင်းဆန်မွှေး (၁၆.၂၆%) တို့ဖြစ်သည်။ လက်ရှိကာလ၌ ထိုင်းသည် စင်ကာပူသို့ တတိယမြောက် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး စျေးကွက်ဝေစု ၂၂.၃၄% ဖြင့်လည်းကောင်း၊ အိန္ဒိယမှ ၄၂.၈၂% ဖြင့်လည်းကောင်း၊ ဗီယက်နမ်မှ ၂၈.၁၀% ဖြင့်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိကြသည်။
Source: The Nation Thailand, November 07, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
