စားသုံးသူတို့အတွက် သတင်းစကား

Powered by Drupal

         စားသုံးသူလို့ဆိုလိုက်တာနဲ့ အားလုံးသောလူတိုင်းဟာ စားသုံးသူတွေဖြစ်တဲ့အတွက် စားသုံးသူအခွင့်အရေး(၈)ချက်ကို ရရှိကြပါတယ်။ ရရှိမယ့် အခွင့်အရေး(၈)ချက် ကိုမှတ်မိ လွယ်အောင် အခြေခံ၊ ဘေး၊ သတင်း၊ ရွေးချယ်၊ တိုင်ကြား၊ ကုစား၊ သိရှိ၊ ကောင်းမွန် ဆိုတဲ့ အတိုကောက် ကလေးနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။ ဒီအခွင့်အရေး(၈)ချက်ထဲမှာ တိုင်ကြားခွင့်နဲ့ ကုစားခွင့် ဆိုပြီး ပါဝင်တဲ့အတွက် ကျွန်မတို့ ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော CICC ရုံးခန်းများသို့ လာရောက်တိုင်ကြားပြီး ကုစားမှုရရှိခဲ့သည့် ဖြစ်စဉ်နမူနာများကို သိရှိအောင် ရေးသား ဖော်ပြလိုက်ရပါတယ်။ အဲဒီလိုဖြစ်စဉ်နမူနာများကို သိရှိသွားမယ်ဆိုရင် စာဖတ်သူများ အနေနဲ့ အဆိုပါဖြစ်စဉ်များအတိုင်း တွေ့ကြုံမယ်ဆိုပါက တိုင်ကြားခွင့်နဲ့ ကုစားခွင့်များကို အပြည့် အဝရယူနိုင်မှာဖြစ်ပါတယ်။

       ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူတစ်ဦးမှ အိမ်ဆောက်လုပ်ရန် စက်အုတ်များအား မိုးမကျမီ ဝယ်ယူထားရှိ သိုလှောင်ထားပြီး မိုးကာလမကျော်လွန်မီ သိုလှောင်ထားသော အုတ်အတွင်းမှ အုတ်ခဲ (၃၀%)ခန့်မှာ အုတ်မှုန့်များအဖြစ်ပျော်ကျ/ ပျက်စီးနေသည့်အတွက် ရောင်းချသူ လုပ်ငန်း ရှင်အား ဦးစွာပြောကြားညှိနှိုင်းခဲ့ရာ အဆင်မပြေဖြစ်၍ ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြားသည့်အမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစိစစ်ရာ အမှန်တကယ် နစ်နာမှုရှိပြီး အရည်အသွေးမပြည့်မီသော စက်အုတ်များထုတ်လုပ်ရောင်းချခဲ့သည့် အုတ်လုပ်ငန်းရှင်တွင် တာဝန်ရှိသဖြင့် အုတ်ခဲအကောင်းနှင့် အုတ်ခဲကျိုးများကို နစ်နာသူနှင့် ညှိနှိုင်းပြီး နစ်နာသူစိတ်ကျေနပ်သည့် အရေအတွက်အတိုင်း ပြန်လည်အပ်စေခဲ့သည့်အတွက် နှစ်ဦး နှစ်ဖက်ပြေလည်မှု ရရှိခဲ့ပါတယ်။

       ၂၀၁၈ နိုဝင်ဘာလတွင် စားသုံးသူပြည်သူတစ်ဦးသည် Onlin Shopping တစ်ခုမှ Car Body Compound ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ ကားအစင်း/ အခြစ်ရာ ပျောက်ဆေးအား ဝယ်ယူအသုံးပြုခဲ့ရာ မော်တော်ယာဉ်ရဲ့ ကားအစင်း/အခြစ်ရာမှာ ပျောက်မသွားသည့်အပြင် မူလနဂိုဆေးသားများပါ ပျက်စီးသွားသည့်အတွက် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်သွားသဖြင့် တိုင်ကြားသည့် အမှုဖြစ်ပေါ်ခဲ့ ပါတယ်။ ဌာနမှ တာဝန်ရှိသူများက ဆေးသားအလွှာပျက်စီးသွားသော မော်တော်ယာဉ်အား ကွင်းဆင်းကြည့်ရှုရာ အမှန်တစ်ကယ်ထိခိုက်နစ်နာမှုရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဌာန အနေဖြင့် Online Shopping အားတယ်လီဖုန်းဖြင့် ခေါ်ဆိုညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဝယ်ယူသုံးစွဲသူနှင့် ရောင်းချသူတို့အကြား ပြေလည်မှုရရှိခဲ့ပြီး Online Shopping မှနစ်နာတိုင်ကြားသူထံ ဝယ်ယူခဲ့သော ပစ္စည်းတန်ဖိုးအား ပြန်လည်ပေးအပ်စေခဲ့ကာ နောက်နောင်တွင် အရည်အသွေးမပြည့်မီသော ပစ္စည်းများရောင်းချခြင်းမပြုရန် ဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကာ ဌာနမှဆောင်ရွက်နိုင်ခဲ့သဖြင့် စားသုံးသူမှ စိတ်ကျေနပ်မှု ရရှိစေခဲ့ပါသည်။

      ဝန်ဆောင်မှုပိုင်းအနေနဲ့ ၂၀၁၈ခုနှစ် မေလတွင် စားသုံးသူတစ်ဦးသည် မိသားစုများနှင့်အတူ ဆေးကုသမှုခံယူရန်အတွက် ပြည်မြို့မှ မုံရွာမြို့သို့ အသွားအပြန် မော်တော်ယာဉ်ငှားရမ်းခ ခရီးစရိတ်ခြေပြီး ယာဉ်လိုင်းဂိတ်တစ်ခုမှ မှန်လုံယာဉ်တစ်စီးအား စီးလုံးငှား၍ သွားရောက်ခဲ့ရာ အပြန်ခရီးတွင် ယာဉ်မောင်းမှ အခြားခရီးသည်များ တင်ဆောင်ခြင်း၊ အရက်သေစာသောက်စားပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဆက်၍မစီးရဲတော့ဘဲ ကျောက်ပန်းတောင်း မြို့အရောက် တွင် တခြားမော်တော်ယာဉ်တစ်စီးအား ထပ်မံငှားရမ်း၍ အိမ်ပြန်ခဲ့ရသဖြင့် ထပ်မံငှားရမ်းမှုအတွက် စားသုံးသူမှာနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သဖြင့် ကျွန်မတို့ဌာနရဲ့ CICC သို့လာရောက်တိုင်ကြားခဲ့ပါတယ်။ CICC တာဝန်ရှိသူများက အမှန်တစ်ကယ် နစ်နာဆုံးရှုံးမှုရှိ/မရှိ ကွင်းဆင်းစိစစ်ရာ အမှန်တစ်ကယ် နစ်နာမှုရှိသည့်အတွက် ယာဉ်လိုင်းဂိတ်မှ ဂိတ်မှူးအား ခေါ်ယူညှိနှိုင်းပြီးအပြန်တွင် ထပ်မံကား ငှားရမ်းခငွေကို နစ်နာသူ စားသုံးသူအား ပြန်လည်ပေးအပ်စေခဲ့သဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိအောင် ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

       ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စားသုံးသူတစ်ဦးက မုန့်အရောင်းဆိုင်တစ်ဆိုင်မှ ကိတ်မုန့် တစ်ထုတ်အား ဝယ်ယူ၍ မိသားစုစားသုံးရာ အနံ့အသက်ဆိုးရွားပြီး အရသာပျက်စီးနေသည့်အတွက် မုန့်ဆိုင်ပိုင်ရှင်ထံ သွားရောက်ပြောကြားရာ ပိုင်ရှင်မှမချေမငံ ပြန်လည်ပြောဆို၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ပါသဖြင့် စားသုံးသူအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့သည့်အတွက် မုန့်ဆိုင် ပိုင်ရှင်အား အရေးယူဆောင်ရွက်ပေးပါရန် ကျွန်မတို့ဌာနရဲ့ ပြည်ခရိုင် CICC သို့တိုင်ကြား လာခဲ့ပါတယ်။ တိုင်ကြားမှုအား ဖြေရှင်းရန် ဌာနမှတာဝန်ရှိသူများက မုန့်ဆိုင်သို့ သွားရောက် ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ပြီး တိုင်ကြားနစ်နာသူအား CICC သို့ခေါ်ယူကာ နစ်နာမှုအတွက် စိတ်ကျေနပ်မှု ပြန်လည်ရရှိနိုင်စေရေး မေးမြန်းဆွေးနွေးခဲ့ရာ မိမိ၏နစ်နာမှုအတွက် ဆိုင်ရှင်အနေဖြင့် ကိတ်ခြောက် မုန့်ဝယ်ယူစဉ် မိမိ၏မိသားစုဝင်များပါဝင်သဖြင့် မိမိနှင့် မိမိ၏  မိသားစုဝင်များကိုပါမုန့်ဆိုင်တွင် ပြန်လည်တောင်းပန်ပေးမည်ဆိုပါက ကျေနပ်လက်ခံပေးမည်ဖြစ်ကြောင်း ညိှနှိုင်းရရှိခဲ့ပါတယ်။ လုပ်ငန်းရှင်ဆိုင်ရှင်ဘက်မှလည်း နစ်နာသူ၏လိုလားချက်အား လိုက်လျောပေးမည်ဖြစ်သဖြင့် မိမိ၏ ဆိုင်တွင် ပြည်ခရိုင်ဦးစီးမှူးနှင့် CICC မှတာဝန်ရှိသူများ၏ ရှေ့မှောက်၌ နစ်နာသူအား မချေမငံ ပြောဆိုခဲ့မှုအပေါ် ပြန်လည်တောင်းပန်ခဲ့သည့်အတွက် စားသုံးသူနှင့်လုပ်ငန်းရှင်တို့ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့ပါတယ်။

      ရေးသားဖော်ပြခဲ့တဲ့ တိုင်ကြားမှုဖြစ်စဉ်နမူနာများအတိုင်း (သို့မဟုတ်) ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာမှ ဆုံးရှုံးနစ်နာမှုများပေါ်ပေါက်ခဲ့မယ်ဆိုရင် သက်သေခံ အထောက် အထားနှင့်အတူ ရှင်းလင်းတင်ပြတာတွေ၊ တိုင်ကြားနိုင်တာတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်မတို့စားသုံးသူရေးရာ ဌာနကနေ အလွယ်တကူတိုင်ကြားလို့ရအောင် တိုင်း/ပြည်နယ်/ ခရိုင် စားသုံးသူရုံးတွေမှာ ဖွင့်လှစ်ထားတဲ့ CICC (Consumer Information & Complaint Center) စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ၌ လူကိုယ်တိုင်သော်လည်း ကောင်း၊ CICC ရုံးဖုန်းနံပါတ်များကို ဖုန်းဆက်၍လည်းကောင်း Consumer Call Center ဖုန်းနံပါတ်ဖြစ်တဲ့ ၁၅၃၅ ကိုဖုန်းခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ပြီး၊ ဌာနရဲ့ Website ဖြစ်တဲ့ www.doca.gov.mm တွင်လည်းတိုင်ကြားမှုပုံစံတွင် ဖြည့်စွက်၍ အလွယ်တကူ တိုင်ကြား နိုင်ပါကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ဖို့အတွက် ကုန်ပစ္စည်းဆိုင်ရာ သတိပေးထုတ်ပြန်ချက်များကို လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ကလေးအသုံး အဆောင်နှင့် ကစားစရာပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာများ၊ အခြားကုန်ပစ္စည်းများစဖြင့် ကုန်စည်အမျိုးအစားများခွဲခြား၍ ဘေးအန္တရာယ် ဖြစ်စေသော အကြောင်းရင်း၊ ထုတ်လုပ်သည့်နိုင်ငံ၊ ကုန်အမှတ်တံဆိပ်၊ အသိပေးထုတ်ပြန်သည့်နိုင်ငံနှင့် ရက်စွဲများ အစရှိသည့် အချက်အလက်များကို သိရှိရန်အတွက်လည်း ဌာနရဲ့ Website တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း သတင်းစကားလေး ပါးရင်း ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။

DOCA(ပဲခူး)