
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည်စပါး၊ပဲ၊ပြောင်း၊နှမ်း၊ ကြက်သွန်စသည့်သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ကြက်ဟင်းခါးသီး ကိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြောင်းသိရှိရပါသည်။ကြက်ဟင်းခါးပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဗိုလ်တစ်ထောင်ကြက်ဟင်းခါးမျိုးများကိုစိုက်ပျိုးကြကြောင်း၊ ကြက်ဟင်းခါးသီး စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုပျိုးအရင်ထောင်ရကြောင်း၊ ပျိုးသက်(၂၀)ရက်ခန့်ပြည့်လျှင် ပြောင်းရွှေ့စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် ကြက်ဟင်းခါးသီးများစတင်ခူးဆွတ်နိုင်ကြောင်း ၊ (၇)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး သက်တမ်းအနေဖြင့်(၅)လခန့်အကြာအထိခူးဆွတ်နိုင်ကြောင်း၊အထွက်နှုန်း အနေဖြင့်(၁)ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၅၀)ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံး အချိန်တွင် ပိဿာ(၁၀၀-၁၅၀)ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၂၀၀၀၀၀-၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ကြက်ဟင်းခါးသီးစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကားစျေး(၂၃၀၀-၂၅၀၀)ကျပ်စျေးနှုန်းရှိပြီး လက်လီစျေးနှုန်းအနေဖြင့်(၂၈၀၀-၃၀၀၀)ကျပ်စျေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ကြက်ဟင်းခါးသီး လုံးအကြီး၊အသေးပေါ်မူတည်၍ စျေးနှုန်းကွာခြားကြောင်းသိရှိရပါသည်။ကုန်စိမ်းပွဲစားများမှ စိုက်ခင်း အထိလာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ပွဲစားများမှ ရန်ကုန်၊မန္တလေး မြို့ကြီးများသို့တင်ပို့ရောင်းချရကြောင်းသိရှိရပါသည်။(၁)ဧကအကျိုးအမြတ်အနေဖြင့်(၁၅၀၀၀၀၀/-) ကျပ်ဝန်းကျင်ခန့် အမြတ်ရရှိသည့်တွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ကြက်ဟင်းခါးသီး စိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
