
ဧကရာဇ်ပန်းများသည် မိုးနှောင်းအကုန် ဆောင်းဦးကာလဖြစ်သော စက်တင်ဘာလမှ စ၍ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း အများဆုံးပွင့်လေ့ရှိကြောင်း၊ ရာသီဥတု အခြေအနေ ပေါ်မူတည်၍ တစ်နှစ်ပတ်လုံးလည်း အနည်းငယ်စီ ပွင့်နိုင်ကြောင်း၊ အပွင့်များသည် အဖြူရောင် စစ်စစ်ဖြစ်ပြီး ပြွန်ချောင်းပုံစံရှိ၍ အဖျားမှာပွင့်ဖတ်(၄)ဖတ်ခွဲထွက်နေပြီး ပန်းအခိုင်လိုက်ပွင့်တတ်၍ ညနေစောင်းနှင့် ညဘက်မှာပွင့်ကာ ရနံ့မွှေးကြိုင်သင်းပျံ့ကြောင်း၊ မနက်ခင်းရောက်ရင် အပွင့်လေး များသည် အပင်အောက်ရှိ မြေပြင်ပေါ်ကိုကြွေကြကြောင်း၊ ဧကရာဇ်ပင်၏ အစိတ်အပိုင်း များစွာသည် ဆေးဖက်ဝင်ပြီး၎င်း၏ အခေါက်၊ အရွက်နှင့် အပွင့်များကို ရိုးရာဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုကြကြောင်း၊ အခေါက်၏အသုံးဝင်ပုံမှာ အဖျားရောဂါ၊ အဆုတ်နှင့် ဆိုင် သောရောဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက်အသုံးပြုကြကြောင်း၊ အရွက်၏အသုံးဝင်ပုံမှာ အသည်းရောဂါသည်များ စားသုံးပါကသက်သာကြောင်း၊ ကိုယ်အပူကျ ဆေးနှင့် အဆိပ်အတောက်ဖြေဆေးအဖြစ် အသုံးပြုကြောင်း၊ အအေးမိခြင်း အဖျားရောဂါဖြစ်ပါက ပန်းပွင့်ကို ရေနွေးကြမ်းကဲ့သို့ ခပ်သောက်ခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း၊ ဧကရာဇ် အဖြူရောင်ပန်း လေးများကိုသီကုံး၍ ဘုရားပန်းအဖြစလည်းကောင်း၊ အလှဆင်ရန် အတွက် လည်းကောင်း အသုံးပြုကြကြောင်း၊ ဧကရာဇ်ပန်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် စာပေများ တွင်လည်း မကြာခဏဖော်ပြခြင်းခံရပြီး လှပတင့်တယ်အသုံးဝင်သော အပင်တစ်မျိုး ဖြစ်ကြောင်း စာပေများမှလေ့ လာသိရှိရသည်။
DOCA (မန္တလေး)
