
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုသည် ၂၀၃၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံထက်သာလွန်နိုင်မည်ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှတွင် အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယအကြီးဆုံး LNG တင်သွင်းသည့်နိုင်ငံဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အကဲဖြတ်မှုများအရ သိရပါသည်။ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၃၅ ခုနှစ်တွင် LNG ၇၅ ဘီလီယံကုဗစ်မီတာ (bcm) ခန့်တင်သွင်းမည်ဖြစ်ပြီး ၎င်းပမဏသည် ၂၀၂၄ ခုနှစ်တင်သွင်းမှုထက် ၆၀ ရာခိုင်နှုန်း မြင့်မားလျက်ရှိကြောင်း စည်းမျဥ်းများ၊ လမ်းညွှန်ချက်များ၊ လေ့လာမှုများနှင့်အချက်အလက်များ ထောက်ပံ့ပေးလျက်ရှိသော အစိုးရကြား အဖွဲ့အစည်း၏ အကဲဖြတ်မှုအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် LNG ၄၂ မှ ၄၄ bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် LNG ၃၃ မှ ၃၆ bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် LNG တင်သွင်းမှုများ မြင့်မားခဲ့သော်လည်း ၂၀၃၀ ခုနှစ်အကုန်ခန့်တွင် ဘင်္ဂလားဒေ့ရှိနိုင်ငံသည် ၎င်းနိုင်ငံ၏ ပြည်တွင်းဓာတ်ငွေ့သုံးစွဲမှုမြင့်မားလာခြင်းနှင့် ဓာတ်ငွေ့ပြန်လည် ဖြည့်တင်းနိုင်စွမ်းကြီးမားလာခြင်းတို့ကြောင့် LNG တင်သွင်းမှုများသည် ပါကစ္စတန်နိုင်ငံထက်ကျော်လွန်နိုင်ကြောင်း IEA ၏အကဲဖြတ်မှုများအရ သိရပါသည်။ ယခုနှစ်များအတွင်း အိန္ဒိယနိုင်ငံတွင် LNG တင်သွင်းမှုများသည် စက်မှုလုပ်ငန်းများအတွင်း ဝယ်လိုအားများ မြင့်တက်လာခြင်းနှင့် ဝယ်ယူမှုအဆင်ပြေမှုများကြောင့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် LNG တင်သွင်းမှုကို ၃၅ bcm မှ ၅၀ bcm ခန့်တိုးချဲ့ တင်သွင်းမည်ဖြစ်ကြောင်း IEA ၏ အကဲဖြတ်မှုများအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် စွမ်းအင်ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ အတွက် LNG ကိုမှီခိုသုံးစွဲ လျက်ရှိပါသည်။ ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် LNG သည် ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းခြင်းအတွက် ပြည်လည်ဖြည့်တင်းသုံးစွဲရန် အရေးပါကြောင်း သိရပါသည်။ သတင်းထောက်များ၏ ပြောကြားချက်များရ အာရှသည် ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာမှုများအကြားတွင် ကမ္ဘာ့ LNG ဝယ်လိုအားကြီးထွားလာမှုအတွက် အဓိက မောင်းနှင်တံအဖြစ်ရှိလာနိုင်ပြီး ၂၀၃၅ ခုနှစ်တွင် LNG တင်သွင်းမှုများ ၇၅ ရာခိုင်နှုန်းခန့် ရှိလာနိုင်ကြောင်း သိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
