ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်

Powered by Drupal

           ခဲလံကျည်တောက်(ခေါ်) ကောက်ညှင်းကျည်တောက်သည် မြန်မာနိုင်ငံတွင် အလွန်ထင်ရှား၍ ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများ စားသုံးသောမုန့်ဖြစ်ပါသည်။ခဲလံဆိုသော စကားမှာ ရှမ်းဘာသာစကား (ခဝ်လံ)မှ ဆင်းသက် လာသည်။ဝါးထဲသို့ ကောက်ညှင်းဆန် ထည့်၍ ချက်သောထမင်း(ဝါ) စားဖွယ်ကို ရှမ်းတို့က ခဲလံဟု ခေါ်ကြကြောင်း၊တစ်ချို့မှာ ယိုးဒယားစကား ခေါက်လမ် (ဝါးကျည်တောက်ထဲမှ ကောက်ညှင်း) ဟု ဆိုကြ သည်။မြန်မာနိုင်ငံ အင်းလေးဒေသတွင် ကောက်ညှင်းကျည်တောက်ကို  ခေါက်လန် ဟုသုံးနှုန်းကြပြီး အနောက်ရိုးမကမ်းခြေနှင့် မြစ်ဝ ကျွန်းပေါ်ကမ်းရိုးတမ်းဒေသတို့တွင်မူ ကောက်ညှင်းကျည်တောက်ဟူ၍သာ သုံးနှုန်းကြပြီး ရှေးအခါက ပေါင်းတင်းကျည်၊ ပေါင်းစည်ကြီးဟု တင်စား ခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိ ရပါသည်။

ကောက်ညှင်းကျည်တောက် ဖြစ်ပေါ်လာပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန်အတွက် အကောင်းဆုံးဝါးမှာ တင်းဝါးပြီး တင်းဝါး ဟုခေါ်သည့် ဝါးကို တောနက်နက်ထိ သွားခုတ်ကြရပြီး ဝါးအရမ်းနုပါက အဆင်မပြေ တတ်၍ ဝါးအရင့်ကို ခုတ်မှသာ ကောက်ညှင်းကျည်တောက်လေးက အကာလှလှလေးနှင့် ပုံထွက်လှ လာပါသည်။ကောက်ညှင်းကျည်တောက် ပြုလုပ်ရန်အတွက် ရှေးဦးစွာ ကောက်ညှင်းဆန်ကို (၄)နာရီကြာ ရေဖြင့် စိမ်ထားပြီး တောင်းပလုံးများဖြင့် ရေစစ်ထားရကြောင်း သိရှိရသည်။ ထို့နောက်ရေစစ်ထားသော ကောက်ညှင်းဆန်ကို စဉ့်အင်တုံထဲတွင် ပဲဆီသန့် ၊အုန်းသီး၊ ဆား အနည်းငယ် တို့ဖြင့် ရောနယ်၍ ဝါးကျည်တောက်ထဲသို့ လက်(၂)ဆစ်ခန့် ချန်၍ ထည့်ပေးရကြောင်း၊ ထိုသို့ချန်၍ ထည့်ရခြင်းမှာ ကျည်တောက်ထဲမှ ကောက်ညှင်းများ ကျက်ပြီးနောက် အနည်းငယ် ဆန့်ထွက်နိုင်စေရန် လျော့ထားရခြင်းဖြစ်ကြောင်း၊ လက်(၂)ဆစ်ခန့် ချန်ထားသည့် နေရာတွင်  ရေအပြည့်ထည့်ရကြောင်း သိရှိရပါသည်။

          ကောက်ညှင်းကျည်တောက်ဖုတ်ရန်  ဝါးအစို တစ်ချောင်း၏ အရင်း၊အဖျား တစ်ဖက် တစ်ချက်စီတွင် ဒေါက်ထောက်ပြီး တန်းလုပ်ထားရသည်။ ထိုတန်း တစ်ဖက်တစ်ချက်စီတွင် ကောက်ညှင်း ထည့်ထားသော ဝါးကျည်တောက်များကို ခပ်စောင်းစောင်း စီ၍ ထောင်ထားရသည်။ ထို့နောက် ထောင်ထားသော ဝါးတန်းအောက်တွင် ထင်းမီးတောက်အနည်းငယ်ဖြင့် ရေများ ခမ်းသွားအောင် (၂)နာရီကြာခန့် မီးဖုတ် ပေးရပြီးနောက် မီးကျီးချ၍  (၃)နာရီခန့် ကောက်ညှင်း ကျည်တောက်များကို လှည့်၍ မီးဖုတ်ပေး ရသည်။ ကောက်ညှင်းကျည်တောက် ဖြစ်လာရန် မီးဖုတ်၍ ပြုလုပ်ရချိန် (၅)နာရီခန့် ကြာမြင့်သည်။ထို့နောက် မီးဖုတ်ထားသော ကောက်ညှင်းကျည်တောက် များ အေးချိန်တန်၍ ဝါးကို ခွဲလိုက်လျှင် ဝါးအမြေးများဖြင့် ရစ်ပတ်နေသော ငွေတောင့်သဖွယ် ဖြူဖွေးသော ကောက်ညှင်း ကျည်တောက်ကို ရရှိသည်။

ရှေးစာဆိုများမှ တင်စားခေါ်ဝေါ်ပုံ

          ဝါးထဲတွင်ကျက်ပြီးသားဖြစ်နေသော ကောက်ညှင်းကျည်တောက်မှာ ဝါးအမြှေးပါးများဖြင့် ကပ်နေ၍ သေသပ် ချောမောလှသည်။ ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံကို -

          “အစွယ်နှစ်ချောင်း ဖြူဖြူလွင် ၊တောမှာပေါက်တဲ့ဆင်

ဆန္ဒန်ဆင်မင်း သူ့ဝမ်းခေါင်း၊ ခြင်္သေ့အပေါင်းအောင်း

လုံစွာပိတ်၍ မီးမှာထား၊ ငွေတောင့်ထိုအလား

ဘုရားတရားတင်ပါလေ၊ တို့လည်းအမျှဝေ”ဟူ၍ ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးနံ ဝါးကိုဆိုလို၍ ခြင်္သေ့ဆိုသည်မှာ အင်္ဂါနံဖြစ်၍ ဆန်ကိုဆိုလိုသည်ဖြစ်ကြောင်း ရှေးစာဆိုများက တင်စားခေါ်ဆိုခဲ့ ကြသည်။

ကုန်ကြမ်းအသုံးပြုပုံ

          ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် တင်းဝါးများကို မိုးကုတ်လမ်းရှိ ရွှေညောင်ပင်မြို့မှ (၅၀)ပါတစ်စီးလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် မှာယူရသည်။ကောက်ညှင်းဆန်ကို ရွှေဘိုမြို့ အနောက် ဘက်ရှိ ချီပါကျေးရွာနှင့် ဆိပ်ခွန်ကျေးရွာများမှ နှစ်ပတ်လည်စာ ဝယ်ယူထားရပြီး ကောက်ညှင်း ကျည်တောက်ပြုလုပ်ရာတွင် သုံးသည့် ကောက်ညှင်းဆန်မှာ (ရှယ်မွှေး) အမျိုးအစားဖြစ်သည်။ ကောက်ညှင်းဆန် စိမ်ရာတွင် ကောက်ညှင်းဆန် (သစ်)ဆိုလျှင် ချက်ချင်းဆေး၍ ချက်ချင်းဆယ်ပြီး ဝါးကျည်တောက်ထဲသို့ ထည့်၍ ပြုလုပ်နိုင်သည်။ကောက်ညှင်းဆန်(ဟောင်း) ဖြစ်ပါက (၄)နာရီခန့် ကြာအောင်စိမ်ထားရပြီး ငချိတ် ကောက်ညှင်းဆန် ဖြစ်ပါက တခြားကောက်ညှင်းဆန်များထက် (၁)နာရီခန့် ပို၍စိမ်ရကြောင်း သိရသည်။ ကောက်ညှင်းကျည်တောက် ဖုတ်ရန် ထင်းကို နှစ်ပေါက် အသုံးပြုရန်   ကြိုတင်ဝယ်ယူထားရသည်။

ထုတ်လုပ်မှု

          ကောက်ညှင်းကျည်တောက်လုပ်ရာတွင် မိသားစုလုပ်အားအပြင် အလုပ်သမား(၃)ဦးခန့် ငှားရမ်း၍ လုပ်ရပြီး တစ်ဦးလျှင် (၇၀၀၀)ခန့်လုပ်အားခ ပေးရသည်။ တစ်နေ့တွင် ကောက်ညှင်းဆန် နေ့စဉ် (၃၀)ပြည် ခန့် ပြုလုပ်ရပြီး ကောက်ညှင်းဆန် ပြည်(၃၀)တွင် ကောက်ညှင်းကျည်တောက် (၁၇၀)ချောင်းခန့် ထွက်ရှိသည်။ ဝါးအပေါ်မူတည်၍ ကောက်ညှင်းကျည်တောက် အနည်း/အများ ထွက်ရှိသည်။အမှာရှိပါက ကောက်ညှင်းဆန် ပြည်(၇၀)အထိ ပြုလုပ်ရသည်။ကောက်ညှင်းဆန်

ပြည်(၃၀)တွင် ဆီ (၅)ပိဿာခန့် ထည့်ရပြီး ဝါးခြောက်ပါက ဆီပို၍ ထည့်ရသည်။ ကောက်ညှင်း ကျည်တောက်ကို အုန်းသီး၊ငှက်ပျောနှင့် ပဲ ဟူ၍ အရသာ (၃)မျိုးဖြင့် ထုတ်လုပ်ပြီး တချို့က

နှစ်ပတ်လည် ပြုလုပ်၍  ရောင်းချသော်လည်း ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်း ကျည်တောက်ကို နှစ်စဉ် (၉)လပိုင်းလလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြောင်း ရွှေဘိုမြို့ရှိ ဆယ်စုနှစ်မက ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူ ဒေါ်တင်အိ ကောက်ညှင်း ကျည်တောက်လုပ်ငန်းမှ သိရသည်။

ဈေးနှုန်းဈေးကွက်

          ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်း များပြားစွာရှိပြီး ဒေသတွင်းဝယ်ယူစားသုံးကြသည့်အပြင် အခြားမြို့နယ်များဖြစ်သော မုံရွာ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များရှိ ကိုယ်စားလှယ်များက မှာယူရောင်းချကြကြောင်း ၊ အုန်းသီး ကောက်ညှင်းကျည်တောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၊ ငှက်ပျောနှင့် ပဲကောက်ညှင်း ကျည်တောက် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ မြန်မာ့အစားအစာ ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်းကျည်တောက်အကြောင်းအား လေ့လာ၍  ရေးသားတင်ပြ လိုက်ရပါသည်။

DOCA(စစ်ကိုင်း)