စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံသီးနှံ စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲမှု အခြေအနေ

Powered by Drupal

       ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ဂျုံကိုစားသုံးကြပြီး မြန်မာနိုင်ငံ ဂျုံစားသုံးမှုမှာ နှစ်စဉ်တိုး တက်လျှက်ရှိပါသည်။ ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး များနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလျှက်ရှိသော်လည်း ဂျုံလိုအပ်ချက်မှာ နှစ်စဉ်တိုးမြှင့် လျှက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ခုနှစ် စာရင်းအရ ဂျုံသီးနှံ စိုက်ဧက (၉၇၈၈၅)ဧက စိုက်ပျိုးလျှက်ရှိသော်လည်း ‌ဒေသထွက်ရှိမှုနှင့် မလုံလောက်သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဂျုံလိုအပ်ချက်မှာ တန်(၂၂၁၂၂၄)ခန့် လိုအပ်မှုရှိနေပါသည်။

          ကမ္ဘာ့ဂျုံတင်သွင်းမှု စုစုပေါင်းအနေဖြင့် တန်သန်းပေါင်း (၂၀၆.၇)ရှိကြောင်း လေ့လာသိရှိရ ပါသည်။ ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံများမှာ အင်ဒိုနီးရှား၊ အီဂျစ်၊ တူရကီ၊ တရုတ်၊ အယ်ဂျီရီးယား နိုင်ငံတို့ဖြစ်ပြီး တင်ပို့မှုအများဆုံးနိုင်ငံများမှာ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ယူကရိန်း နိုင်ငံတို့ဖြစ်ကြောင်း အင်တာနက်စာမျက်နှာများမှ လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဂျုံတင်သွင်းသည့် နိုင်ငံ (၁၂၅)နိုင်ငံတွင် (၆၉)နိုင်ငံမြောက် ဂျုံအများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပါ ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု၊ စျေးနှုန်း၊ စျေးကွက်၊ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ် အခြေ အနေများ၊ ဂျုံကြိတ်ခွဲစက်များ လည်ပတ်ကြိတ်ခွဲ နိုင်မှုအခြေအနေများကို လေ့လာသုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။

          ပြည်တွင်းလိုအပ်ချက်ရှိနေသဖြင့် ဂျုံစေ့နှင့် ဂျုံမှုန့်ကို နှစ်စဉ် တင်သွင်းနေရကြောင်းသိရှိရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ အခက်အခဲများ၊ ဂျုံကြိတ် ခွဲစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် အခက်အခဲများကို အောက်ပါအတိုင်း လေ့လာသိရှိရပါသည်။

          ဂျုံသီးနှံနှင့်ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)    မြန်မာအမည်            -         ဂျုံ

(ခ)     အင်္ဂလိပ်အမည်         -         Wheat

(ဂ)     ရုက္ခဗေဒအမည်        -         Triticumvulgare

(ဃ)    မူရင်းဒေသ              -         အမေရိကန်၊ မက္ကဆီကို

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံကို ဘီစကစ်၊ ထပ်တရာ၊ ပလာတာ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုး၊ သရေစာဂျုံကျိုအဖြစ် အသုံးပြုကြ ပြီး ဘေးထွက်ပစ္စည်းဖြစ်သည့် ဂျုံဖွဲအား နွားစာ၊ မြင်းစာ၊ ဝက်စာများအဖြစ် အသုံးပြုကြပါသည်။

ဂျုံသီးနှံကို ဂျုံစိုက်ပျိုးရာသီဖြစ်သည့် ဆောင်းဦးကာလ အောက်တိုဘာနောက်ဆုံးပတ်နှင့် နိုဝင်ဘာလပထမပတ်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ပါသည်။ ဂျုံစိုက်ပျိုးရေးတွင် နနွင်းရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် ဂျုံမျိုးသစ်များစဉ်ဆက်မပြတ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဂျုံသည်အပူချိန် ကို တုံ့ပြန်မှုရှိသည့်( Thermo-Sensitviee plant )အပင်တစ်မျိုးဖြစ်ပြီး ဂျုံ၏ အထွက်နှုန်းကို အပူချိန်က လွှမ်းမိုးကြောင်း လေ့လာသိရှိရပါသည်။

          ဂျုံသည် အပူချိန်မြင့်မားမှုကိုမနှစ်သက်ဘဲ အအေးကြိုက်သည့် သီးနှံတစ်မျိုး ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆောင်းတွင်းကာလကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်း ရာသီတွင် ဆီးနှင်းကျရောက်မှုနည်းပါးခြင်းနှင့်အတူ နေ့/ညအပူချိန်မြင့်မားသည့် နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့တွင် ဂျုံစိုက်ပျိုးရန် မသင့်ကြောင်း လေ့လာသိရှိရပါသည်။ ဂျုံသည် အနိမ့်ဆုံးအပူချိန်(5.C)မှ အမြင့်ဆုံးအပူချိန်(32.C)အတွင်း ဖြစ်ထွန်းသော်လည်း အသင့်လျှော် ဆုံးအပူချိန်မှာ (15.-20.C) ဖြစ်သည်။

          Mexico၊ USA စသည့် အနောက်နိုင်ငံများတွင် ဂျုံနှစ်သက်သည့် ဆောင်းရာသီ၊ နွေဦးပေါက် ရာသီဟူ၍ ရာသီ(၂)မျိုးရှိခြင်းကြောင့် တစ်နှစ်လျှင်ဂျုံကို (၂)ရာသီစိုက်ပျိုးဖြစ်ထွန်းသည်ကို လေ့လာ သိရှိရပါသည်။

          စစ်ကိုင်း၊ မန္တလေး၊ မကွေးစသည့် တိုင်းဒေသကြီးများတွင် အကောင်းဆုံးဂျုံစိုက်ချိန်မှာ နိုဝင် ဘာလ(ပထမပတ်)မှ (လကုန်)ထိဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များ၏ အဆိုအရသိရှိရပါသည်။ ဂျုံစိုက်ချိန်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းသည် ဂျုံ၏အထွက်နှုန်းကို အဟန့်အတားဖြစ်စေ ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ချိန်စော၍ စိုက်ပျိုးပါက အပင်ပေါက်ချိန်၊ ပင်ပွားထွက်ချိန်၊ အပင်ပွားစည်းချိန်တို့တွင် အပူချိန်မြင့်မားခြင်း၊ စိုထိုင်းဆနည်းခြင်းတို့ကြောင့် မြေတွင်းအစိုဓါတ် လျော့နည်းပြီး အပင်ပေါက်နည်းခြင်း၊ ပင်ပွားနည်းခြင်း၊ အပင်ဖြစ်ထွန်းမှု နည်းခြင်းတို့ ဖြစ်ပေါ် စေကြောင်း လေ့လာသိရှိရပါသည်။

          ပုံမှန်စိုက်ချိန်ထက်နောက်ကျသည့် စပါးအပြီး သီးထပ်လယ်များတွင် (ဒီဇင်ဘာ၊ ဇန်နဝါရီ လများတွင်) ဂျုံစိုက်ပျိုးပါက အပင်ပေါက်ချိန်၊ ပင်ပွားထွက်ချိန်၊ အပင်ဖြစ်ထွန်းချိန်စသည့် ဂျုံပင်၏ အစောပိုင်း ကာလများသည် ဂျုံနှစ်သက်သည့် ရာသီဥတုကိုဖြတ်သန်းရခြင်းကြောင့် အပင်ပေါက် ကောင်းခြင်း၊ ပင်ပွားကောင်းခြင်း၊ အပင်ဖြစ်ထွန်းခြင်းတို့ကို ကြုံတွေ့နိုင် ပါသည်။

          ဂျုံသက်တမ်း၏ နောက်ပိုင်းကာလများဖြစ်သည့် နို့ရည်ခဲချိန်၊ နို့ရည်တည်ချိန်တို့မှာ အပူချိန် မြင့်မားသည့် ဖေဖော်ဝါရီလလယ်၏ နောက်ပိုင်းကာလများအား ဖြတ်သန်းရခြင်းကြောင့် အစေ့အလေး ချိန်လျော့နည်းခြင်း၊ လုံးပိန်လုံးညှပ်များခြင်း၊ ရင့်မှည့်မှုမြန်ဆန်ခြင်းတို့ ဖြစ်ပေါ်စေပြီး ဂျုံအထွက် နည်းကို လျော့နည်းစေပါသည်။

          ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့် ခန္တီးခရိုင်ရှိ မြို့နယ်များသည် ဖေဖော်ဝါရီလလယ်နှင့် နောက် ပိုင်းကာလများတွင် ဆီးနှင်းများကျပြီး အပူချိန်နိမ့်ကျသည့် ရာသီဥတုရှိခြင်းကြောင့် စစ်ကိုင်း၊ မန္တလေး ဒေသများထက် ဂျုံစိုက်ပျိုးချိန်ကိုနောက်ကျ၍ စိုက်ပျိုးနိုင်ကြောင်းလေ့လာ သိရှိရပါသည်။

          ဂျုံသီးနှံသည် ရေစိမ့်ဝင်မှုကောင်းသောမြေ၊ နှုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေ နက်တို့နှင့် စပါးစိုက်ပျိုးသော မြေများတွင် ဦးစားပေးရွေးချယ် စိုက်ပျိုးသင့်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဂျုံသီးနှံကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ ဆောင်းရာသီတွင် စိုက်ပျိုးပြီး၊  ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ တို့တွင် ထွက်ပေါ်ပါသည်။ အသက်ရက်မှာ ရက်ပေါင်း (၁၂၀)မှ (၁၄၅)ရက် ကြာမြင့်ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်၌ ဂျုံစိုက်ဧကပေါင်း (၁၇၇၉၇၆) ဧကရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ဂျုံစိုက်ဧကပေါင်း (၉၇၈၈၅)ဧကသာ စိုက်ပျိုးနိုင်သဖြင့် (၁၀)နှစ်တာကာလအတွင်း ဂျုံစိုက်ဧက (၈)သောင်းကျော်ခန့် လျော့နည်းခဲ့ကြောင်း တွေ့ရှိရသဖြင့် နှစ်စဉ် ဂျုံစိုက်ပျိုးထုတ်လုပ်နိုင်မှု လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

          စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်တွင် ဂျုံကြိတ်ခွဲစက်အရေအတွက်မှာ(၅၄)စက်ရှိခဲ့ရာမှ  ၂၀၂၂ခုနှစ် ဂျုံကြိတ်ခွဲစက် အရေအတွက် မှာ (၁၉)စက်သာ ရှိတော့သဖြင့် ဂျုံကြိတ်ခွဲစက် (၃၅)စက်မှာ လုပ်ငန်းရပ်ဆိုင်းသွား‌ကြောင်း သိရှိရ ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံကြိတ်ခွဲစက်များ၏ တစ်နေ့ထုတ်လုပ်နိုင်မှု အခြေအနေ မှာ စုစုပေါင်း ဂျုံမှုန့်ပိဿာ (၈၃၈၂၀ )ခန့် ဖြစ်ပါသည်။ မုံရွာမြို့ရှိ ဂျုံကြိတ်ခွဲစက် (၇)လုံးနှင့် စစ်ကိုင်း မြို့ရှိ စက်(၁)လုံးတို့ကသာ ပမာဏများများ ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး၊ အခြားဂျုံစက်များမှာ တစ်နိုင် တစ်ပိုင်သာ ပမာဏအနည်းငယ် ထုတ်လုပ်ကြသော စက်ငယ်များ ဖြစ်ကြပါသည်။ အချို့ဂျုံစက်ငယ် များအနေဖြင့် ဂျုံစက်ကြီးမှထွက်ရှိသော ဂျုံဖွဲကိုဝယ်ယူ၍ ဂျုံမှုန့်ကြမ်း၊ တိရိစ္ဆာန်အစားအစာ ဂျုံဖွဲနှင့် စက်မှုသုံးကော်မှုန့်ကိုသာ ထုတ်လုပ်နိုင်သည့် အနေအထားဖြစ်ပါသည်။

          ဂျုံ(၁)ဧကအတွက် စိုက်ပျိုးတောင်သူအကျိုးအမြတ်အနေဖြင့်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ်(၃)သိန်းကျော် အကျိုးအမြတ်ရရှိနိုင်ပြီး ယခင်နှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ်(၆)သောင်း ကျော်သာ အကျိုးအမြတ်ရှိမည်ဖြစ်ရာ မိသားစုလုပ်အားခသာ အမြတ်ရသည့် အနေအထား ဖြစ်ပါ သည်။ ယခုနှစ်တွင် ယခင်နှစ် ဂျုံ‌စေ့ဈေးထက် (၂)ဆခန့် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

      တောင်သူများအနေဖြင့် ဂျုံစိုက်လယ်ယာမြေများတွင် ကုလားပဲနှင့် ဖရဲ တို့ကို အများဆုံး ပြောင်းလဲစိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ ကုလားပဲစိုက်ပျိုးပါက တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှု အကျိုးအမြတ်အနေဖြင့် ကျပ်(၆)သိန်းခန့် ရရှိနိုင်မည်ဖြစ်ပြီး၊ ဖရဲစိုက်ပျိုးပါက တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုအကျိုးအမြတ်ကျပ်(၁၀)သိန်းကျော် ရရှိနိုင်ပါသည်။ ကုလားပဲသည် စိုက်ပျိုးထွက်ရှိချိန်တွင် လည်းဈေးနှုန်းခိုင်မာမှုရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိရန် သေချာနိုင်ကြောင်း၊  ဖရဲသည် ဈေးနှုန်းအတက်အကျရှိသော်လည်း အကျိုးအမြတ်များများ ရရှိနိုင်သဖြင့် တောင်သူများကို ဆွဲဆောင်နိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း တောင်သူအသိုင်းအဝိုင်းထံမှ သိရှိရပါသည်။ ဂျုံသီးနှံ၏ တစ်ဧကအကျိုးအမြတ်သည် ယခုနှစ်တွင် များသော်လည်း ယခင်နှစ်များ တွင် အကျိုးအမြတ်ရရှိမှု နည်းပါးသဖြင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးရန် စိတ်ဝင်စားမှုနည်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် လက်ရှိဂျုံတစ်တင်းပေါက်ဈေး (၆၂၀၀၀)ကျပ်ဖြင့် တွက်ချက်ပါက တစ်ဧက အကျိုးအမြတ် ကျပ်(၈)သိန်းခန့် ရရှိနိုင်သဖြင့် ဂျုံစိုက်ပျိုးရန် စိတ်ဝင်စားမှုမြင့်လာနိုင်ကြောင်း သုံးသပ် ရပါသည်။

        ဂျုံစိုက်တောင်သူများအနေဖြင့် အခြားသီးနှံစိုက်ပျိုး၍ မရနိုင်သည့် အခြေအနေများတွင်သာ ဂျုံကိုစိုက်ပျိုးရန် ရည်ရွယ်ကြကြောင်း၊ ယခင်နှစ်များတွင် ဂျုံသီးနှံ၏ အကျိုးအမြတ်ရရှိမှုမှာ အခြား သီးနှံများနှင့်နှိုင်းယှဉ်ပါက နည်းပါးကြောင်း တွေ့ရှိရပါသည်။ သို့သော် ယခုနှစ်တွင် ဂျုံဈေးနှုန်း မြင့် တက်လာခြင်းကြောင့် တောင်သူများအား ဂျုံသီးနှံတိုးချဲ့စိုက်ပျိုးလာနိုင်စေရေး စိတ်ဝင်စားမှုမြင့် တက်လာကြောင်း သုံးသပ်ရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံဈေးနှုန်း အခြေအနေများမှာ ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ် အတွင်း ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၁၅၀၀၀မှ ၂၀၀၀၀ အတွင်း၊ ၂၀၂၁ခုနှစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကျပ် ၂၀၀၀၀မှ ၆၀၀၀၀ ကျော်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ဂျုံထွက်တိုး တစ်တင်းလျှင် ကျပ် ၁၄၀၀၀မှ ၂၀၀၀၀ အတွင်း၊ ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း ကျပ် ၁၄၀၀၀မှ ၆၀၀၀၀ အတွင်း ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံထွက်ရှိမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အထွက် တင်းသိန်းပေါင်း (၂၀)ခန့် ရှိပြီး သုံးစွဲမှုအနေဖြင့် တင်းပေါင်း (၈၇)သိန်း ခန့်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွက် လိုအပ်ချက် တင်းပေါင်း (၆၇)သိန်းခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ဒေသတွင်း ဂျုံ ကြိတ်ခွဲစက်များအနေဖြင့် မိမိတို့ဒေသတွင်ထွက်ရှိသည့် ဂျုံများကိုသာမက ပြည်ပမှတင်သွင်းလာသော ဂျုံများကိုပါ ဝယ်ယူကြိတ်ခွဲနေရပါသည်။ ပြည်တွင်းဂျုံဈေးနှုန်းအနေဖြင့် လက်ရှိပေါက်ဈေး တစ်တင်း လျှင် (၆၂၀၀၀)ကျပ်ဖြစ်ကြောင်း ဂျုံစက်ပိုင်ရှင်များထံမှ သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ဂျုံသီးနှံအမျိုးအစားများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ-၂၊  ဇလုပ်ဂျုံဖြူ-၄၊ ရေဆင်း-၁၂၊ V-1287 မျိုးတို့ဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရပါသည်။ တစ်ဧက မျိုးစေ့(၁.၅)တင်း မှ (၂.၅)တင်း လိုအပ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံစိုက်ဧက (၁)သိန်းခန့် စိုက်ပျိုးရန်လျာထားခဲ့ရာ မျိုးစေ့တင်း(၂)သိန်းခန့် လိုအပ်နိုင်ကြောင်း ခန့်မှန်းရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံစက်များမှ ထုတ်လုပ်နိုင်မှု လျော့ကျရသည့် အကြောင်း ရင်းများမှာ ဒေသတွင်းထုတ်လုပ်နိုင်မှုအနေဖြင့် ၂၀၁၂ခုနှစ်တွင် တင်းသိန်းပေါင်း(၃၈)ကျော်ခန့် ရှိခဲ့  ရာမှ ၂၀၂၂ခုနှစ်တွင် တင်းသိန်းပေါင်း(၂၀)ခန့်သာ စိုက်ပျိုးထွက်ရှိခဲ့ပါသည်။ ဒေသတွင်း စိုက်ပျိုးထွက် ရှိမှု လျော့နည်းလာသည်နှင့်အမျှ ဂျုံကြိတ်ခွဲစက်များအနေဖြင့် ကုန်ကြမ်းဝယ်ယူရန် ခက်ခဲလာခြင်း၊ဒေသတွင်းရှိ ဂျုံစက်များအနေဖြင့် နိုင်ငံခြားမှ ဂျုံများကို တိုက်ရိုက်တင်သွင်းနိုင်ခြင်းမရှိဘဲ ဂျုံတင် သွင်းလာသည့် ကုမ္ပဏီများထံမှ တစ်ဆင့်ခံဝယ်ယူရခြင်းဖြစ်ရာ ဒေါ်လာဈေး အတက်အကျကြောင့် ဈေးနှုန်း မတည်ငြိမ်သည့်အတွက် ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဂျုံတင်သွင်းနိုင်မှုမရှိခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ အရည်အသွေးမမီသည့် ဂျုံမှုန့်များ တရားမဝင် တင်သွင်းမှု များရှိနေခြင်းနှင့် အဆိုပါ ဂျုံမှုန့်များသည် ပြည်တွင်းမှ ထုတ်လုပ်သည့် ဂျုံမှုန့်များထက် ဈေးနှုန်း နည်းသဖြင့် ဈေးနှုန်းယှဉ်ရောင်းချရန် အခက်အခဲရှိခြင်းနှင့် ဂျုံကြိတ်ခွဲစက်မရှိသော ကုမ္ပဏီအချို့ သည် အိန္ဒိယမှ ဈေးသက်သာသည့် ဂျုံမှုန့်များ ကို တရားမဝင်တင်သွင်းပြီး ထုပ်ပိုးမှုပြောင်းလဲ၍ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရောင်းချနေခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဂျုံစက်များအနေဖြင့် ဒေသတွင်း ထွက်ရှိသော ပြည်တွင်းဂျုံ ဝယ်ယူမှု (၉၀%) ခန့်ရှိပြီး ပြည်ပမှတင်သွင်းသည့် ဂျုံဝယ်ယူမှုမှာ (၁၀%) ခန့်သာ ရှိပါသည်။ သို့သော် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဂျုံစက်ကြီးများအနေဖြင့် ပြည်ပမှတင်သွင်းသည့် ဂျုံကို အဓိထား ကြိတ်ခွဲကြသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဂျုံကြိတ်ခွဲမှုမှာ ပြည်ပတင်သွင်း ဂျုံ (၉၀%) ခန့်ရှိပြီး၊ ပြည်တွင်း ထွက်ရှိဂျုံ (၁၀%) ခန့်ရှိနိုင်ကြောင်း ဂျုံလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရ ပါသည်။

          တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာ(၂၇)ရက်နေ့အထိ ဂျုံမှုန့်တင်သွင်းမှုအနေဖြင့် တန်ချိန် (၂၃၀၀.၇၉၅)တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၉၆၅)ရှိကြောင်း သိရှိရသည်။

           ဂျုံကြိတ်ခွဲစက်ပိုင်ရှင်များအနေဖြင့် အဓိကအခက်အခဲမှာ ကုန်ကြမ်းလုံလောက်စွာ ဝယ်ယူမရ ရှိနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အိမ်းနီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသည့် ဈေးနှုန်းနည်းသည့် ဂျုံမှုန့်များနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိကြောင်း တွေ့ရှိရ ပါသည်။  ထို့ကြောင့်နိုင်ငံတော်အနေဖြင့် ယခုထက်ပို၍ ဂျုံတင်သွင်းနိုင်ရေးနှင့် တရားမဝင်တင်သွင်း လာသော ဂျုံမှုန့်များကို ထိရောက်စွာ တားဆီးနိုင်ရေး ဆောင်ရွက်ပေးသင့်ပါကြောင်း ဂျုံစက်ပိုင်ရှင် များထံမှ သိရှိရပါကြောင်း တင်ပြအပ်ပါသည်။

         အချုပ်အားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ နှစ်စဉ်လျော့ ကျလျှက်ရှိပါသည်။ လျော့ကျရသည့် အဓိကအကြောင်းအရင်းမှာလည်း ဂျုံသီးနှံထက် အခြားသီးနှံ များက အကျိုးအမြတ်ရရှိမှုပိုများခြင်း၊ ဂျုံသီးနှံစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် လုပ်အားစိုက် ထုတ်ရမှုပိုမိုခြင်းတို့ကြောင်း ဖြစ်ပါသည်။ ဒေသတွင်းထုတ်လုပ်နိုင်မှု လျော့ကျခြင်းနှင့် ပြည်ပမှ လုံလောက်စွာ ဂျုံစေ့တင်သွင်းနိုင်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်းဂျုံစက်ရုံများသည်လည်း ကုန်ကြမ်း လုံလောက်စွာ မရရှိနိုင်ခြင်းကြောင့် ဂျုံစက်များ၏ ထုတ်လုပ်နိုင်မှုသည်လည်း ကျဆင်းလျှက် ရှိပါသည်။ အချို့ဂျုံစက်လုပ်ငန်းများသည်လည်း အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာ ကြသည်ကိုလည်း တွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းထွက်ရှိသည့် ဂျုံ ဖြင့်လိုအပ်ချက်ပြည့်မှီခြင်း မရှိသည့်အတွက် ဂျုံစေ့နှင့် ဂျုံမှုန့်များကို အခြားဒေသမှ တင်သွင်းလျှက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)