ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကျင်းပ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့်နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဟူသော ဌာန၏မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများပေါ် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ မူဝါဒလမ်းညွှန် ချက်များ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတို့၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံး အထက်ဌာနမှချမှတ်ပေးသော မူဝါဒများ၊ လမ်းညွှန် ချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် အောက်တိုဘာလ(၂၇)ရက်နေ့မှ (၂၈)ရက်ရက်နေ့ထိ (၂)ရက်တိုင်  နေ့စဉ်နံနက်(၉:၃၀)နာရီမှ (၁၆:၀၀)နာရီထိကျင်းပခဲ့ပါသည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၇.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းများမှ Zoomဖြင့် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ သင်တန်းတွင် ခရိုင်ဦးစီးမှူးမှ နိုင်ငံ့ဝန်ထမ်းသစ္စာဓိဌာန်(၆)ချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ Vision၊ ရုံးလုပ်ငန်းလက်စွဲပါ ပြီးပြည့်စုံသောရုံးလုပ်ငန်းဖြစ်စေရန် အချက်(၅)ချက်၊ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်းအကြောင်း၊ ရုံးစာရေးသားနည်းအကြောင်း၊ မှတ်ချက်ရေးသားခြင်းအကြောင်း၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းအကြောင်း၊ ခရီးသွား မှတ်တမ်းရေးသားခြင်းအကြောင်းနှင့် ကုန်စည်ဒိုင်အကြောင်းတို့ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဌာနသို့တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် ပေးသည့်အကြောင်းတို့ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံမှ ရန်ပုံငွေတောင်းစတင်တောင်းခံခြင်း မှှစ၍ရန်ပုံငွေအသုံးပြုခြင်းနှင့် ပိုလျှံရန်ပုံငွေများ ပြန်လည်အပ်နှံခြင်းအကြောင်းတို့ကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံမှ ပျမ်းမျှလစာ တွက်ချက်နည်းအကြောင်းများကိုလည်းကောင်း၊ အထွေထွေစီမံမှ ဆောင်ရွက်ရသော လုပ်ငန်းများအကြောင်းတို့ကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်း စာရင်းအင်းဌာနခွဲမှ တစ်ဧကကုန်ကျစရိတ်နှင့် စားသုံး၊ ပိုလျှံတွက်နည်းအကြောင်းတို့ကိုလည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံမှ သတင်းရေးသားနည်း အကြောင်းတို့ကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဌာနခွဲမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

       ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ရွှေဘိုခရိုင်မှဝန်ထမ်း(၁၀)ဦးနှင့် ကန့်ဘလူခရိုင်မှ ဝန်ထမ်း(၄)ဦး စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချခြင်းအားဖြင့် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့ရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများ ပိုမိုရရှိလာခြင်း၊ မိမိတာဝန်ယူ ဆောင်ရွက်နေရသောလုပ်ငန်းများအပြင် အခြားဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိနားလည်ခြင်းစသည့် အကျိုးကျေးဇူးများရရှိသဖြင့် သင်တန်းများကို မကြာခဏဖွင့်လှစ်သင့်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)