ရွှေဘိုပေါ်ဆန်း G.I ရရှိရေး ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သောစီမံကိန်းဖြစ်ပြီး  စီမံကိန်းဆောင်ရွက်မည့် ဒေသမှာ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူခရိုင်၊ ဆည်ရေသောက်ဧရိယာများ တည်ရှိသည့် ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချသည့် ဆန်စက်၊ပွဲရုံ၊ ကုန်သည်လုပ်ငန်းရှင်များပါဝင်ဖွဲ့စည်းထားသည့် (ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း)နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူ စေရန် Admin Officer (၁)ဦးနှင့် Extension Officer (၂)ဦး ခန့်အပ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေး ဆောင်ရွက်မှုအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့်  G.I ပညာရှင်များ အပတ်စဉ် သောကြာနေ့ တိုင်းZoomဖြင့် အစည်းအဝေးပြုလုပ်ခြင်း၊ GRET Myanmarအဖွဲ့အစည်းမှ G.I National Project Coordinatorနှင့် တွေ့ဆုံ၍ ရွှေဘိုပေါ်ဆန်းကို တစ်နိုင်ငံလုံးသို့ Market Promotion ပြုလုပ်ရန်အတွက် ရွှေဘိုပေါ်ဆန်းကို မည်သည့်အပိုင်းကို မည်သည့်နည်းလမ်းဖြင့် ပြုလုပ်မည်ကို တာဝန်ယူဆောင်ရွက်မည့်အဖွဲ့အစည်းများအား ဝင်ရောက်လျှောက်ထားနိုင်ကြောင်း လိုင်းပေါ်မှ တစ်ဆင့် ကြေငြာခဲ့ရာ ဝင်ရောက်လျှောက်ထားလာသည့်အဖွဲ့(၇)ရှိကြောင်း၊ ၎င်း(၇)ဖွဲ့နှင့် အစည်းအဝေးပြုလုပ်၍ ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ပြီး AFDအထိပို့ပေးရမည်ဖြစ်ကြောင်း၊ AFDမှရွေးချယ်ပေးသည့် လုပ်ပိုင်ခွင့်ရသည့်အဖွဲ့မှ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့်တွေ့ဆုံ၍ ရွှေဘိုပေါ်ဆန်း Market Promotionပြုလုပ်ရန်လိုအပ်သည့် အချက်အလက်များ လာရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုအဖွဲ့မှ ရက်ပေါင်း(၅၀)အတွင်း အပြီးဆောင်ရွက်ရန် ဒေါ်လာတစ်သောင်းခွဲဖြင့် ဌားရမ်းမည်ဖြစ်ကြောင်း၊  ရွှေဘိုပေါ်ဆန်း G.I ရရှိရေး စီမံကိန်း သက်တမ်းမှာ (၃)နှစ်ဖြစ်သော်လည်း  (၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇွန်လအထိတိုးမြှင့်ထားကြောင်း၊ ယခုအချိန်တွင် စီမံကိန်းကာလမှာ အနည်းငယ်သာကျန်ရှိတော့သဖြင့် (G.I)ရရှိရေးကိစ္စများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)