ငရုတ်ပွစိုက်ပျိုးနည်းနှင့်စျေးကွက်

Powered by Drupal

ငရုတ်ပွကို ငရုတ်ချို၊ ငရုတ်ပွဟူ၍ ခေါ်ဆိုကြသည်။ သူ၏ချိုသောအရသာကြောင့် လူသိများပြီး  စျေးကောင်းရသောသီးနှံတစ်မျိုးဖြစ်၍ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသူတိုင်းက အနည်းနှင့်အများ စိုက်ပျိုးကြသော သီးနှံလည်းဖြစ်သည်။ ငရုတ်ပွကို လတ်လတ်ဆက်ဆက် စားကြသောသီးနှံ၊ ပုပ်သိုးလွယ်သောသီးနှံဖြစ်၍ ဂရုစိုက်အချိန်ပေးရသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူများက သီးညှပ် စိုက်ခင်းများ၌ ညှပ်၍စိုက်ခြင်းကိုလည်း ပြုလုပ်ကြသည်။ ငရုတ်ပွစိုက်ပျိုးရန် မြေသြဇာကြွယ်ဝပြီး ရေမဝပ်သောမြေမျိုး၊ သဲနုန်း၊ နုန်းမြေပွမျိုးသည် အကောင်းဆုံးဖြစ်ပါသည်။ မြေစေးအသင့်အတင့် ပါဝင်သောမြေများတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော် ရေမဝပ်စေရန်အတွက် ရေမြောင်းများ ပြုလုပ်ထားရန်လည်း လိုအပ်ပါသည်။  သဲမြေတွင် စိုက်ပျိုးပါက သဘာဝမြေသြဇာလုံလုံ လောက်လောက် ထည့်သွင်းပြီးမှစိုက်ပျိုးသင့်ပါသည်။ မြေသားပါးပြီး အောက်ခံသဲကြပ်သော မြေများတွင် မစိုက်ပျိုးသင့်ပါ။ မြေသားထုနက်ပြီး ကျောက်စရစ်ကင်းစင်ရန် အထူးလိုအပ်သည်။ ပျိုးဘောင်ကို အကျယ်(၃)ပေ၊ အမြင့်(၆)လက်မ၊ အရှည်(၃၀)ပေ ဘောင်များပြုလုပ်ပြီး နွားချေး၊ မြေဆွေးများကိုထည့်ပြီးလျှင် ဘောင်မျက်နှာပြင်ညီအောင် ပြုလုပ်ပြီး မျိုးစေ့ကို ပြာ၊သဲနှင့်ရောပြီး ညီညာအောင် ခပ်ပါးပါးကြဲပေးရမည်။  မျိုးစေ့များကို ခိုင်ခိုင်မာမာစွဲကပ်လာစေရန် လက် သို့မဟုတ် ပျဥ်ပြားနှင့်ဖိပေးပြီး ကောက်ရိုးပါးပါးနှင့်အုပ်ပေးပြီးလျှင် ရေလောင်းပေးနိုင်သလို မျိုးဘောင်များ ပေါ်တွင် ကန့်လန့်ဖြတ်(၃)လက်မခြား မြောင်းများဖော်ပြီး အစေ့များကို အတန်းလိုက်ချပြီး စိုက်ပျိုးခြင်း အားဖြင့်လည်း  ပျိုးထောင်နိုင်ပါသည်။  တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ကီလိုဂရမ်လိုအပ်ပါသည်။  ပျိုးထောင်ပြီး (၇-၁၀)ရက်အတွင်း အပင်ပေါက်စုံလျှင် ကောက်ရိုးဖယ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ရေလောင်းပေးရန်လိုအပ်ပါသည်။  မိုးများသောဒေသများ သို့မဟုတ် မိုးများသောအချိန်ကာလတွင် ပျိုးထောင်ပါက အရိပ်ပြုလုပ်ပေးရမည်ဖြစ်သည်။  ပျိုးပင်များ (၂၅-၃၅)ရက်သားရသောအချိန်တွင် ရွှေ့ပြောင်း၍စိုက်ပျိုးနိုင်ပါသည်။ မြေတစ်ဧကလျှင် နွားချေးလှည်း(၂၀)စီးခန့်ထည့်ရန်လိုအပ်ပြီး ထယ်ရေး၊ထွန်ရေး ကောင်းမွန်အောင် ပြုလုပ်ရန်လိုအပ်ပါသည်။ ပင်ကြား(၁)ပေခွဲ၊ တန်းကြား (၃)ပေထားပြီး စိုက်ပျိုးနိုင်ပါသည်။

          မိုးရေချိန် (၂၅-၅၀)လက်မရွာသောဒေသများတွင် စိုက်ပျိုးရန်သင့်တော်ပြီး မိုးများသွားလျှင်လည်း အသီးပုပ်နိုင်ပါသည်။ မိုးများသောဒေသများတွင် မိုးနည်းသောကာလများတွင် စိုက်ပျိုးလေ့ရှိပါသည်။  အပူပိုင်းနှင့်သမပိုင်းသီးနှံဖြစ်ပါသည်။ နှင်းဒဏ်မခံနိုင်ပါ။ အပူချိန်(၅-၁၅)ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းကောင်းမဖြစ်ထွန်းနိုင်ပါ။  ငရုတ်ပွစိုက်ပျိုးရန်အတွက် အကောင်းဆုံးအပူချိန်သည်  (၂၀-၂၅)ဖြစ်ပါသည်။ ငရုတ်ပွပန်းပွင့်ချိန်မှာ အပူချိန် (၃၃)ဒီဂရီစင်တီဂရိတ်ကျော်ခဲ့လျှင် အပွင့်ကန်းပြီး အထွက်နှုန်းကိုထိခိုက်စေနိုင်ပါသည်။ ရွေ့ပြောင်းစိုက်ပျိုးပြီး (၃-၄)ရက်ကြာသောအခါ အပင်စလန်း လာမှာဖြစ်ပြီး (၁၀-၁၂)ရက်ကြာသောအခါ ပေါင်းနှိမ်နှင်းခြင်း၊ ရေသွင်းခြင်းများကို ပြုလုပ်ပေးရ မည်ဖြစ်သည်။ ကြားပေါင်းလိုက်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း၊ မြေသြဇာကျွေးခြင်းများကို (၂)ပတ်လျှင် တစ်ကြိမ်ခန့်ပြုလုပ်ပေးရမည်ဖြစ်သည်။ ငရုတ်ပွမျိုးများသည် မျိုးအပေါ်မူတည်ပြီး ရက် (၉၀-၁၀၀)အတွင်း ခူးဆွတ်နိုင်ပါသည်။ မိမိအသုံးပြုသော မျိုး၊ သွင်းအားစုအပေါ်မူတည်ပြီး တစ်ဧက လျှင်အသီးနှုန်း တစ်သောင်းခန့်(၃၀၀-၄၀၀)ပိဿာခန့်ထွက်ရှိနိုင်ပါသည်။

          ငရုတ်ပွစားသုံးခြင်းဖြင့်အာရုံကြောစနစ်များကို ကောင်းမွန်စေပါသည်။ လေ့လာချက်များအရ ငရုတ်ပွတွင် စိတ်ကျန်းမာရေးနှင့် အသိဉာဏ်ဆိုင်ရာများအတွက် ကောင်းမွန်စေသော အာဟာရ ဓာတ်များပါဝင်ကြောင်း သိရသည်။ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့ ဓာတ်ပါဝင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ဖောက်ပြန်ခြင်းများအတွက်လည်း ကောင်းမွန်စေပါသည်။ ငရုတ်ပွသည် ခုခံအားစနစ်ကောင်းမွန်စေပါသည်။ ကိုယ်တွင်းမှ ခုခံအားစနစ်သည် ဗက်တီးရီးယား ပိုးမွှားများ လူသားများ၏ခန္ဓာကိုယ်ကို ကူးစက်ခြင်းမှာကာကွယ်ရန်အတွက် ဆောင်ရွက်ပေးပါသည်။ ငရုတ်ပွကိုစားသုံးပေးလျှင် သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ နှလုံးရောဂါမဖြစ်စေရန်ကာကွယ်ပေးခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော ရောဂါများမဖြစ် စေရန်လည်း အကျိုးပြုပေးပါသည်။ ယခုဒီဇင်ဘာလဒုတိယအပတ်တွင် ငရုတ်ပွ တစ်ဆယ်သားလျှင် (၁၀၀၀-၁၂၀၀)ခန့်စျေးနှုန်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)