ပန်းမုန်လာပွင့် ဈေးကွက်ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ 

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

       တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာ၊ အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၉၀)ခန့်တွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုး ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲ၊ နှစ်ပေခြား တစ်တန်းနှင့် တစ်တန်း နှစ်ပေ၊ နှစ်ပေခွဲခြားပြီး စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး အပင်ဖြစ်ထွန်းသည့်အခါ ပထမအကြိမ် ဓာတ်မြေသြဇာထည့်ခြင်းကို ရွှေ့စိုက်ပြီး ၇-၁၀ ရက် အကြာ၊ ဒုတိယအကြိမ် ဓာတ်မြေသြဇာ ထည့်ခြင်းကို ပထမအကြိမ်ထည့်ပြီး ၁၀ ရက်အကြာ၊ တတိယအကြိမ် ဓာတ်မြေသြဇာထည့်ခြင်းကို စိုက်ပြီးတစ်လခန့် အကြာတွင် ထည့်ရန်လိုကြောင်း၊ ဆေးဖျန်း၊ ပေါင်းလိုက်၊ မြေသြဇာကျွေးပြီးတိုင်း ရေသွင်းပေးရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ်(၈)သိန်းကုန်ကျပြီး ကျပ်(၁၅)သိန်းခန့်ပြန်လည် ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိကြောင်းသိရှိရပါသည်။

      ခူးဆွတ်ပြီး ပန်းမုန်လာပွင့်များကို အရွယ်အစားအလိုက် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)ခန့်ထိ ရောင်းချရကြောင်း၊ ပွဲစားများမှ ကျေးရွာသို့အရောက်လာပြီး ဝယ်ယူကြသလို မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ တင်ပို့ရောင်းချလျက်ရှိပြီး ပန်းမုန်လာပွင့် စိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ ဝင်ငွေကောင်းနေကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)