တောင်ငူမြို့ဈေးများတွင် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်လျှက်ရှိနေ

Powered by Drupal

   တောင်ငူမြို့ ဈေးများသို့ အခြားဒေသများမှ ရာသီအလိုက်သီးနှံများ ဈေးကွက်အတွင်း‌ ရောင်းချလျှက်ရှိရာ ယခုလတွင် ခရမ်းချဉ်သီးများ ဈေးနှုန်းအနည်းငယ် မြင့်တက်နေသည်ဟု သိရှိရသည်။

   ခရမ်းချဉ်သီးသည် ဟင်းချက်ရာတွင် ဟင်းအနှစ်ရအောင် အသုံးပြုရသည့် စားဖိုဆောင်အသီး တစ်မျိုးပင်ဖြစ်သည်။ ခရမ်းချဉ်သီးကို သုပ်စားခြင်း၊ လဘ္ဘက်သုပ်စားရာတွင် ထည့်ဝင်အသုံးပြုခြင်း၊ အသုပ်မျိုးစုံပြုလုပ်ရာတွင် အသုံးများသော အသီးတစ်မျိုးဖြစ်သည်။ ထို့ပြင် ခရမ်းချဉ်သီးကို ငါးပိ(သို့မဟုတ်)ငံပြာရည်တို့ဖြင့်ရော၍ ငါးပိချက်အဖြစ်ချက်စားခြင်း၊ ခရမ်းချဉ်သီးယိုထိုးခြင်းစသည် ဖြင့် စားသုံးကြသည်။

ယခင်လ က ခရမ်းချဉ်သီး အလုံး အသေး၊ အလတ်၊ အကြီး ပေါ်မူတည်ပြီး ၁ ပိဿာ လျှင် ၂၀၀၀ ကျပ် မှ စ၍ ၂၈၀၀ ကျပ် ၊ ၃၅၀၀ကျပ်ထိ သာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၄၀၀၀ ကျပ် မှ စ၍ ၅၀၀၀ ကျပ် ၊ ၆၅၀၀ ကျပ် ထိဈေးနှုန်းမြင့်တက်လျက်ရှိပြီး ၊ ခရမ်းချဉ်သီး(ဗမာသီး)မှာ ယခင်လက ၁ ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၆၅၀၀ ကျပ် ထိဈေးရှိခဲ့သော်လည်း ယခု ဒီဇင်ဘာဒုတိယပတ်တွင် ခရမ်းချဉ်သီး(ဗမာသီး)မှာ ၁ ပိဿာ လျှင် ၈၅၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီး  များများဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)