
မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာနှင့် အနိမ့် ကျေးရွာတို့သည် ဧရာဝတီမြစ်ဖြင့် နီး၍ ကျေးရွာသူ၊ကျေးရွာသားများသည် ငါးဖမ်းလုပ်ငန်း၊ ငါးရောင်းချခြင်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မြစ်အတွင်းမှ ရရှိသော ငါးများကို အနီးအနားပတ်ဝန်းကျင်များသို့ရောင်းချ၍ ပိုလျှံသေားငါးများကို စံပြဈေးနှင့် အေးမြသီတာဈေးများသို့ ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ မြစ်ငါးဘတ် ၂၅ ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် မြစ်ငါးဘတ် ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုသို့ မြစ်ငါးဘတ်များ ဈေးနှုန်းကျဆင်းခြင်းမှာ ပခုက္ကူမြို့မှ ငါးဘတ်များ ဝင်ရောက်လာသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ ငါးဘတ်မွှေကြော်သည် လူသိများသော ဟင်းတစ်မည်ဖြစ်ပြီး "ငါးဘတ်ပုပ်ပုပ်၊ ငရုတ်စပ်စပ်" ဟူ၍ဆိုရိုးစကားအတိုင်း လူကြိုက်များ၍ စားသုံးမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ ငါးဘတ်အသားမှာ နုညံ့ချိုမြသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်တွင်နေ့စဉ် (၁၀-၂၀) ပိဿာချိန်ခန့်ရောင်းချရကြောင်း၊ မြစ်အတွင်းမှ သဘာဝငါးဘတ်ဈေးနှုန်းသည် မွေးမြူရေးငါးများထက် ဈေးနှုန်းပိုများကြောင်း ငါးရောင်းချ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
