
ရုရှားနိုင်ငံထံမှ ဝယ်ယူမှု အားကောင်းခိုင်မာခြင်းနှင့်အတူ ဈေးနှုန်းများမြင့်မားမှုအရ အိန္ဒိယ နိုင်ငံ၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုးတက်လျက် ၂၀၂၅ ခုနှစ် တွင် ဒေါ်လာ ၂ ဘီလီယံ ကျော်လွန်သည်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယကော်ဖီဘုတ်အဖွဲ့က နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များ အရ ပို့ကုန်ပါမစ် ထုတ်ပေးမှုအပေါ် အခြေခံ၍ ပြုစုထားသော အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှု တန်ဖိုးသည် ယခင်ပြက္ခဒိန်နှစ်၌ ဒေါ်လာ ၁.၆၇၉ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၂.၀၅၈ ဘီလီယံအထိ မြင့်တက်လာကြောင်း၊ သို့သော် တင်ပို့သည့်ပမာဏမှာမူ အာရေးဘီးကာကော်ဖီနှင့် အသင့်သောက်သုံးနိုင်သော ကော်ဖီများတင်ပို့မှု တိုးတက်လာသော်လည်း စုစုပေါင်းတန်ချိန်သည် ယခင်နှစ်တင်ပို့မှု တန်ချိန် ၄.၀၂ သိန်းအောက် ၄.၅ ရာခိုင်နှုန်း လျော့နည်းလျက် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃.၄၈ သိန်းသာရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယရူပီးငွေကြေးတန်ဖိုးအရ ကော်ဖီတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၌ ရူပီး ၁၄၀၄၆ ကုဋေ ရှိရာ မှ ၂၀၂၅ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်း တိုးတက်လျက် ရူပီး ၁၇၉၁၁ ကုဋေ ရရှိခဲ့သည်။ ကမ္ဘာ့ကော်ဖီ ဈေးနှုန်းများ မြင့်တက်မှုနောက်သို့လိုက်ပါလျက် အိန္ဒိယ၏ ကော်ဖီတစ်တန် ပို့ကုန်တန်ဖိုးသည် ယခင်နှစ်တွင် ရူပီးငွေ ၃.၄၈ သိန်းနှုန်းရှိရာမှ ၃၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၂၅ ခုနှစ်၌ တစ်တန်လျှင် ရူပီး ၄.၆၅ သိန်းနှုန်းအထိ ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၌ အခွံမာ (parchment) ပါရှိသည့် ပြုပြင်သန့်စင်ပြီး အာရေးဘီးကာ ကော်ဖီစေ့ များကို ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်းပိုမိုလျက် ၃၈၃၂၆ တန် တင်ပို့ခဲ့သည်။ အလားတူ အာရေး ဘီးကာ ကော်ဖီချယ်ရီစေ့ တင်ပို့မှုသည်လည်း ၄၇ ရာခိုင်နှုန်းတိုးတက်လျက် တန်ချိန် ၁၁၇၇၅ တန် ရှိခဲ့သည်။ လန်ဒန်ဈေးကွက်၌ ပရီမီယံအဆင့် ဈေးကောင်းရရှိသော အခွံမာပါရှိသည့် ပြုပြင်သန့် စင်ပြီး ရိုဘတ်စတာကော်ဖီစေ့များ တင်ပို့မှုမှာမူ ယခင်နှစ်တင်ပို့ခဲ့မှုအောက် ၁.၅ ရာခိုင်နှုန်းကျ ဆင်းလျက် တန်ချိန် ၂၄၆၁၂ တန်ရှိသည်။ ရိုဘတ်စတာ ကော်ဖီချယ်ရီစေ့ တင်ပို့မှုမှာ ၁၄ ရာခိုင်နှုန်း အထိလျော့ကျခဲ့ပြီး တန်ချိန် ၁.၅၆ သိန်း တင်ပို့ခဲ့သည်။
အသင့်သောက်သုံးနိုင်သော ကော်ဖီများတင်ပို့မှုအနက် အိန္ဒိယပြည်တွင်း၌ စိုက်ပျိုးထွက်ရှိ သော ကော်ဖီအမျိုးအစားများကို ထုတ်လုပ်တင်ပို့မှုမှာ တန်ချိန် ၄၆၉၅၄ တန်ရှိပြီး ၁၂ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့သည်။ သို့သော် ပြည်ပမှတင်သွင်းပြီး ပြန်လည်ပြုပြင်တင်ပို့သည့် အသင့်သောက် သုံးနိုင်သော ကော်ဖီများကို တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၌ တန်ချိန် ၁.၀၇ သိန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် အနည်းငယ်ကျဆင်းပြီး တန်ချိန် ၁.၀၆ သိန်းခန့် တင်ပို့နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မလှော်ရ သေးသော အခွံချွတ်ပြီးသည့် ကော်ဖီစေ့များကို အမြောက်အမြားတင်သွင်းလျက် အသင့်သောက် သုံးနိုင်သော ကော်ဖီအဖြစ် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းကို လုပ် ဆောင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၌ စုစုပေါင်း အသင့်သောက်သုံးနိုင်သော ကော်ဖီများတင်ပို့မှုမှာ တန်ချိန် ၁.၅၃ သိန်းရှိပြီး ယခင်နှစ်တင်ပို့မှု တန်ချိန် ၁.၄၉ သိန်းအပေါ် ၂.၆၈ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့သည်။
အီတလီနိုင်ငံသို့ ကော်ဖီတင်ပို့မှုမှာ ယခင်နှစ်၌ တန်ချိန် ၇၇၈၉၀ တန်ရှိရာမှာ ၂၀၂၅ ခုနှစ် တွင် တန်ချိန် ၆၀၆၈၈ တန်သို့ လျော့ကျခဲ့သော်လည်း အိန္ဒိယအတွက် အကြီးမားဆုံးဝယ်လက် အဖြစ် ဆက်လက်ရပ်တည်နေသည်။ ရုရှားနိုင်ငံသို့ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့်ပိုမိုလျက် ကော်ဖီတန်ချိန် ၃၁၅၀၅ တန်ကို တင်ပို့ခဲ့ရာ အိန္ဒိယထံမှကော်ဖီကို ဒုတိယအများဆုံး ဝယ်ယူသူ အဖြစ်ရောက်ရှိစေခဲ့သည်။ ဂျာမဏီနိုင်ငံသို့ တင်ပို့မှုမှာ ၃၂ ရာခိုင်နှုန်း လျော့နည်းလျက် ၂၈၈၄၀ တန်ဖြင့် တတိယနေရာသို့ ကျဆင်းခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့သို့ တင်ပို့မှုမှာ ၂၁၁၇၂ တန်နှင့် ၁၉၈၇၀ တန် အသီးသီးရှိပြီး အိန္ဒိယမှကော်ဖီကို ဝယ်ယူ သည့် ထိပ်တန်းနိုင်ငံများအဖြစ် တည်ရှိနေခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ သတ္တမအကြီးမားဆုံး ကော်ဖီထုတ်လုပ်သူနှင့် ပဉ္စမမြောက် ကော်ဖီ အများဆုံးတင်ပို့သူအဖြစ် ရပ်တည်လျက်ရှိပြီး ၎င်း၏ကော်ဖီတင်ပို့ရာ အဓိကဈေးကွက်မှာ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 1 Jan 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
