ဆီထွက်သီးနှံ ပဲပုပ်ဆီအကြောင်း

Powered by Drupal

                     ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။  Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine max ဖြစ်သည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံ တစ်မျိုးဖြစ်သည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးအနက် အမှတ်စဉ်(၆)တွင်ချိတ်သော သီးနှံဖြစ်ကြောင်းနှင့် ကမ္ဘာ့အရေးကြီးဆုံးသီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝဥနှင့်  Plantains ခေါ် ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ဖြစ်ကြောင်း သိရသည်။

          ပဲပုပ်ကို ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာ တစ်မျိုးဖြစ်သောကြောင့်   “ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)” ဟူ၍လူသိများခဲ့သော်လည်း ယနေ့ခေတ်မှာ ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားလူမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသော အစားအစာဖြစ်နေပါသည်။ ပဲပုပ်အမျိုးမျိုးရှိသည့်အနက် “ရွှေဝါ” ပဲပုပ်မျိုးသည် ပိုမွှေးပိုဆိမ့်သော အရသာထူးသဖြင့် ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်မှာ အထူးတလည် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း လေ့လာမှတ်သားရသည်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်းထားသော ပဲပုပ်ချပ်အချိုသို့မဟုတ် ပဲပုပ်ချပ်အစပ်အဖြစ်လည်းကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ် တစ်ဖုံ ဝယ်ယူရရှိနိုင်သည်။

ပဲပုပ်နှင့် နိုင်ငံတကာစားသုံးမှု

                  ပဲပုပ်၏ဇာတိမှာ တရုတ်၊ မန်ချူးရီးယားနှင့် ဂျပန်တို့ဖြစ်ကြပြီး ထိုနိုင်ငံများတွင် ရာဇဝင်မပေါ်ခင် ခေတ်ကာလကတည်းကပင် ပဲပုပ်ကို စိုက်ပျိုးစားသုံးခဲ့ကြပြီး ယနေ့ကာလ ပဲပုပ်ဆီထုတ်လုပ်သော နိုင်ငံအလိုက် လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရသည်။ ပဲပုပ်၏အာဟာရဓာတ် ပေါကြွယ်ဝပုံကို တစ်စထက်တစ်စသိရှိလာကြရာ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာ နှင့်နီပေါ စသည့်နိုင်ငံများတွင်ပါ တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိနေကြသည်။

ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်ခြင်း

ပဲပုပ်ဆီကြိတ်မှုသည် ပုံမှန်ဆီကြိတ်မှုအပြင် ဟိုက်ဒြောလစ်စနစ် ဖိနှိပ်ကာ (Hydraulic Presses) ပျော်ဝင်မှုကို အားပေးသောဖျော်ရည် (Solvent Extraction) ထည့်သွင်းပြီး ဆီကြိတ်ထုတ်ယူသောစနစ်ကို တစ်ကမ္ဘာလုံး ကျင့်သုံးနေပါသည်။ ဟက်ဆိန်း (Hesane) ဆို သော ဓာတုဖျော်ရည်ကို အသုံးပြုလေ့ရှိပါသည်။ ပြီးသောအခါမှာ ဟက်ဆိန်းကို ထုတ်ဖယ်ပစ်ပြီး ပဲပုပ်ဆီကို အသုံးပြုပါသည်။ ပဲပုပ်ဆီကြိတ်နည်းစနစ်က နှမ်း၊ မြေပဲများကဲ့ သို့ ရိုရိုးကြိတ်လျှင် ဆီထွက်နည်းပြီး အခုလို ၂ ဆင့်ဆီကြိတ်နည်းစနစ် (Two-stage Steam-heated Evaporation Method) က  နိုင်ငံတကာတွင် လက်တွေ့ကျင့်သုံးလျက် ရှိနေပါသည်။

                 ၂၀၂၅-၂၀၂၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး စားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီပဲပုပ်စိုက်ပျိုးလျာထား မြေပြင်အခြေအနေမှာ စိုက်ဧက မအူပင်အနေဖြင့် ၁၂၀ဧက၊ ပန်းတနော် ၁၀၀ဧက၊ ညောင်တုန်း ၁၂၀ဧက၊ ဓနုဖြူ ၁၅၀ ဧက စိုက်ပျိုး ကြောင်း မြို့နယ်စာရင်းများအရသိရသည်။

                ပဲပုပ်စိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုအနေဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းမည့် ရောဂါပိုးဒဏ် ခံနိုင်ရည်ရှိသည့် မျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရန် မြေနေရာအမျိုးအစားမှာ သဲသေမမြေမှ မြေစေးအထိ မြေအမျိုးအစားမရွေးဖြစ်ထွန်းသည်။ မြေအချဉ်အငံဓါတ် (၇) ပတ်ဝန်းကျင်ရှိသော မြေမျိုးတွင် ပိုမိုဖြစ်ထွန်းသည်။

          ဆီပဲပုပ်ကို စိုက်ပျိုးနိုင်သည့်အချိန်မှာ တောင်ပေါ်ဒေသဖြစ်လျှင် (ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ) (မေလ မှ စက်တင်ဘာလ)အတွင်း မြန်မာပြည်အလယ်ပိုင်းတွင်စိုက်ပျိုးပါက မေလမှ နိုဝင်ဘာလအတွင်း၊ အောက်မြန်မာပြည်ကိုင်းကျွန်း ဒေသများတွင် စိုက်ပျိုးမည်ဆိုပါက မိုးနှောင်းရာသီ  အောက်တိုဘာလမှ နိုဝင်ဘာလတို့တွင် စိုက်ပျိုးနိုင်သည်။ စပါးစိုက်ပျိုးအပြီး သီးထပ်စိုက်ပျိုးသော ဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးများတွင် နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးနိုင်ပါသည်။

          ဆီပဲပုပ်စိုက်ပျိုးပါက တန်းကြား (၂၄-၃၀) ‘’ ၊ ပင်ကြား (၂-၄) “ အနက် (၁.၅ “ ၂ “) တစ်ကျင်းလျှင် (၂-၃) ပင်နှုန်းထားစိုက်ရန်လိုအပ်သည်ဟု သိရသည်။ မြေဩဇာသုံးပါက ပဲမြစ်ပုဇီဝမြေဩဇာကို တစ်ဧက မျိုး၁တင်းအတွက် (၁)ထုပ်နှုန်း လူးနယ်၍ စိုက်ပျိုးနိုင်သည်။

မြေအောင်းပိုးနှင့် ပင်ဆီပိုး ကာကွယ်ရန်

          မြေအောင်းပိုး ပိုးသတ်ဆေး အတွက် အင်မီဒါကလိုဗစ် ၊ ဖစ်ပရိုနေး၊ သိုင်ရာမီသိုဖမ်၊ ဆေးတစ်မျိုးမျိုးနှင့် မှိုသတ်ဆေး (ဖလူးဒီရာ့ဇနေး၊ ပက်တယ်လဇီးအမ်) ဆေးတစ်မျိုးမျိုးဖြင့် သတ်မှတ်နှုန်းထားအတိုင်း တစ်ဧက စိုက်ပျိုးမည့် မျိုးစေ့အား လူးနယ် စိုက်ပျိုးသင့်ပါသည်။

          ပေါင်းမြက်နှိမ်နှင်းခြ်ငးနှင့် ရေသွင်းခြင်း

          အပင်ပေါက်စုံချိန်မှ ပန်းပွင့်သည်အထိ ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ရမည်။ နွေနှင့် မိုးကြိုရေသွင်းစိုက်ခင်းများတွင် အပင်ပေါက်ရေအပြင် ပန်းပွင်ချိန် မျိုးစေ့ဖွံဖြိုးချိန်တို့တွင် အနည်းဆုံး ရေ ၂ကြိမ် သွင်းပေးရမည်။

အပင်ပြုစုစောင့်ရှောက်ခြင်း

          ရွက်ဖြန်းမြေဩဇာတစ်မျိုးမျိုး (သို့) ယူရီယား ထမင်းစားဇွန်း (၄)ဇွန်း၊ လက်ချားမှုန့် (အခဲကိုမီးဖြင့် လှော်၍ အမှုန်ပြုလုပ်ပါ) ထမင်းစားဇွန်း(၁) ဇွန်းကို ဖျော်၍ တစ်ဧက လျှင် (၅-၆)ပုံးဖြင့် နံနက်ပိုင်းတွင် အရွက်၏ အောက်မျက်နှာ ပြင်သို့ ဖြန့်ပေးရပါမည်။ ရွက်ဖြန်းမြေဩဇာအား ပန်းပြချိန်မှ သီးကင်းဝင်ချိန်အတွင်း နှစ်ကြိမ်ဖျန်းရပါမည်။  ဘိုရွန်ချို့တဲ့သော လက္ခဏာ (အခက်အလက် အထွက်နည်းခြင်း၊ အဆစ်တိုခြင်း၊ အရွက်များတွန့်လိမ်၍ ပုံပျက်ခြင်း၊ ထူ၍ ကျွတ်ဆတ်ခြင်း၊ အညွှန့်ဖူးသစ်များ၊ သေဆုံးခြင်း၊ အသီးသေး၍ အောင်မြင်မှုမရှိခြင်း) စသည်မြေ၌ ဘိုရွန် (လက်ချားရွက်ဖြန်းမြေဩဇာ) အား မဖြစ်မနေ ဖျန်းပေးရပါမည်။

ရိတ်သိမ်းချိန်

          အသီးများရိတ်သိမ်းမည်ဆိုပါက သီးတောင့် ၉၅ ရာခိုင်နှုန်း အညိုရောင်(သို့) မီးခိုးရောင်ပြောင်း လာချိန်၊ အရွက်များကြွေကျချိန်၊ သီးတောင့်ကို လက်ဖြင့် စမ်းကြည့်ပါက မာချိန် (သို့) သီးတောင့်တွင်းရှိ အစေ့များ လှုပ်ခါချိန် ရိတ်သိမ်းသင့်ပါသည်။

          ပဲပုပ်ကို ဧရာဝတီတိုင်း မအူပင်ခရိုင်တွင် စိုက်ပျိုးသော်လည်း ဆီကြိတ်ခွဲထုတ်လုပ်ရန် စိုက်ပျိုးခြင်း မရှိပဲ၊ ရန်ကုန်သို့ တင်ပို့ရောင်းချခြင်းများသာရှိသည့်အတွက် ပဲပုပ်ဆီကြိတ်ခွဲ ထုတ်လုပ်ခြင်းများကို နည်းပညာနှင့် စက်ပိုင်းဆိုင်ရာထောက်ပံမှုများ ရှိပါက ဒေသတွင်း စားသုံးဆီ ဖူလုံနိုင်ရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်သည်။ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် မြေပဲ၊ နေကြာ ဆီများကို သာ ကြိတ်ခွဲလျက်ရှိပြီး မြေပဲ ကုန်ကြမ်းများကိုလည်း အခြားဒေသမှ မှာယူ၍ ကြိတ်ခွဲလျက်ရှိသည်ဟု သိရသည်။ ဆီကြိတ်ခွဲထုပ်လုပ် ဖြန့်ဖြူး ‌ရောင်းချမည်ဆိုပါက ထုတ်လုပ်သူ လုပ်ငန်းရှင်၏ ဆီအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် အသင်းအချက် အလက်အပြည့်အစုံကို စားသုံးသူ သိရှိနိုင်ရန် ဖော်ပြရမည့် အချက်များ ပါဝင်သင့်သည်။ စားသုံးသူ‌ေရး ရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) ဟင်းသီးဟင်းရွက် (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖေည်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် ညွှန်ချက်ချက် ထုတ်ပြန်ထားသည်။ ကုန်အညွှန်းအမှတ် (၂/၂၀၁၉) ကို ဒီဇင်ဘာလ ၃ရက်နေ့က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ခဲ့ပြီး ရောင်းချမည့် ကုန်စည်များ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ကုန်စည်အုပ်စု (၈)မျိုး အပါအဝင်ထုတ်ပြန်ထားသည်။ ၎င်းတို့ထဲတွင် ဆီနှင့် ပတ်သက်၍ ကုန်အညွှန်းအသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ဖော်ပြချက်များတွင် အမျိုးအမည်၊ အရွယ်အစား၊အရေ အတွက်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ တို့ကို မဖြစ်မနေဖော်ပြရမည်ဖြစ်သည်။

          ဟင်းသီးဟင်းရွက်ဆီ ညွှန်ကြားချက်အနေဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး၊ ဟင်းသီးဟင်းရွက်ဆီဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ် သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည် တစ်ခုသာဖြစ်ရမည်။ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများတွင် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သင့်သည်။ ထင်ယောင်ထင်မှား ဖြစ်ခြင်းဆိုသည်မှာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ (၂) (ဇ) တွင် ထင်ယောင်ထင်မှားဖြစ်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သဘာဝ အရည်အသွေးကို ဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဝိသေသ လက္ခဏာကို ဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကို ဖြစ်စေ၊ ရည်ရွယ်ချက်ကို ဖြစ်စေ၊ အရေအတွက်ကို ဖြစ်စေ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေသော ပြုလုပ်မှုကို ဆိုလိုကြောင်းဖော်ပြထားသည်။ ထုတ်လုပ်သူလုပ်ငန်းရှင်မှ စားသုံးသူများအတွက် မှန်ကန်တိကျရှင်းလင်းသော အရည်အသွေးမှန်ကန်သည့် ကုန်စည်ကို လွဲမှားစွာဖော်ပြ၍ ဖြစ်စေ၊ ပြုပြင်ပြောင်းလဲ၍ ဖြစ်စေ စားသုံးသူအပေါ် နစ်နာစေရန် မိမိကိုယ်ကြိုးစီးပွားအတွက် ရှေ့ရှု၍ မပြုလုပ်ပဲ စားသုံးသူဘေးကင်းစွာရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ရန် ပဲပုပ်ဆီကို ထင်ယောင်ထင်မှာဖြစ်အောင် ဖော်ပြခြင်းများကို ရှောင်ကြဉ်နိုင်ရန် ကုန်ကြမ်းမှန်ကန်သော အသိအမြင်‌ပေးနိုင်ရန် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း တင်ပြရေးသားလိုက်ပါသည်။

DOCA(ဧရာဝတီ)