
နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း နှင့် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ နွားထိုးကြီးမြို့နယ်၌ ထောပတ်ပဲ(မိုး)သီးနှံစီမံကိန်း(၁၃၂၆၉)လျာထားဧက၌ ဧကအားလုံးစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက် နှုန်းအနေဖြင့် (၁၀)တင်းခန့် ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ ပြင်စည်ကျေးရွာ၊ မြို့မရွာ၊ ဝက်လူးရွာ၊ ရွာကြီးကျေးရွာ၊ ကနားရွာ၊ လုံးတောရွာနှင့် ကြာပင်အိုင်ကျေးရွာတို့တွင်စိုက် ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့် ကြာမြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီးမျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲစိုက် ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၌ ထောပတ်ပဲလတ် တစ်တင်းလျှင်(၇၃၀၀၀)ကျပ်၊ အသေးတစ်တင်းလျှင် (၇၀၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၁၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ထိုပွဲရုံများ မှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ဈေးကွက်၌ဝယ်လို အားကောင်းပြီး စိုက်ပျိုးစရိတ်သက်သာ၍ တောင်သူများအကျိုးအမြတ်ရရှိကြောင်း ရွာကြီးကျေးရွာရှိ ထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)
