အမေရိကန် ဒေါ်လာ ၃၈.၄ ဘီလီယံ တန်ဖိုးရှိသည့်အပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် လက်မှတ်ရေးထိုးခဲ့သည့် အင်ဒိုနီးရှား–အမေရိကန်

Powered by Drupal

        အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် စိုက်ပျိုးရေးမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများအထိလွှမ်းခြုံသည့် ကဏ္ဍစုံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈.၄ ဘီလီယံ (ရူပီ ၆၄၉.၄၂ ထရီလီယံခန့်) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များကို ဝါရှင်တန်မြို့၌ ကျင်းပသည့် US–Indonesia Business Summit 2026 တွင် ကြေညာခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲကို U.S. Chamber of Commerce၊ US–ASEAN Business Council နှင့် U.S.–Indonesia Society တို့က လက်ခံကျင်းပခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စျေးကွက်ယုံကြည်မှုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ထိန်းသိမ်းရာတွင် အုပ်ချုပ်မှု ကောင်းမွန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုတို့၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ပဲပိစပ် ဒေါ်လာ ၁.၃၇ ဘီလီယံ၊ ဂျုံ ဒေါ်လာ ၁.၂၅ ဘီလီယံ (၂၀၃၀ အထိ စီစဉ်ထား)၊ ပြောင်းဖူး ဒေါ်လာ ၈၅၅ သန်း၊ ဝါဂွမ်း ဒေါ်လာ ၂၄၄ သန်းနှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်များ ဒေါ်လာ ၈၀၀ သန်း ပါဝင်သည့် စုစုပေါင်း ဝယ်ယူရန်ကတိ ကဝတ် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ဖိုးရှိကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းကဏ္ဍ သည် စုစုပေါင်း ဒေါ်လာ ၃၃.၉၁ ဘီလီယံဖြင့် အဓိက ရပ်တည်နေကြောင်း သိရပါသည်။ အဓိက သဘောတူညီချက်များတွင် အင်ဒိုနီးရှားကုန်သည်နှင့် စက်မှုလုပ်ငန်းအသင်း (Kadin) နှင့် US–ASEAN Business Council အကြား ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးပူးပေါင်းဆောင်ရွက်မှု၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော အသုံးပြုပြီးအဝတ်အထည်များရောင်းချရေးနှင့် စုစုပေါင်း ဒေါ်လာ ၃၁.၅၉ ဘီလီယံ တန်ဖိုးရှိသည့်အကြီးစား ဆီမီကွန်ဒတ်တာစီမံကိန်းများ ပါဝင် ကြောင်း သိရပါသည်။ စီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေး ဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားသည် အမေရိကန်ကို မဟာဗျူဟာမိတ်ဖက်အဖြစ် ရှုမြင်ထားကြောင်း နှင့်  ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှု၊ AI၊ ဆီမီကွန်ဒတ်တာများ၊ အရေးပါသောသတ္တုများ၊ ထောက်ပံ့မှု ကွင်းဆက်တည်ငြိမ်မှု၊ စွမ်းအင်အသွင်ကူးပြောင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Reciprocal Trade သဘောတူညီချက် အပြီးသတ်နိုင်ပါက ဈေးကွက်လမ်းကြောင်းများကို တိုးချဲ့ပေးနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချနိုင်ကာ စီးပွားရေးလုပ်ငန်း များအတွက် ယုံကြည်စိတ်ချရမှု မြှင့်တင်နိုင်မည်ဟုသိရပါသည်။ ၎င်းသည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှု ပိုမိုများပြားစေပြီး ရေရှည်စီးပွားရေးဆက်ဆံမှု ခိုင်မာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)