
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန (KKP) သည် ပင်လယ်စာ ပြည်ပတင်ပို့မှုအား အားကောင်းစေရန် ၂၀၂၆ ခုနှစ် မဟာဗျူဟာတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့၏ အသိအမှတ်ပြု လက်မှတ်ဆိုင်ရာ သတ်မှတ်ချက်အသစ်များနှင့် ကိုက်ညီစေရန် ကူညီပေးမည် ဖြစ်ပြီး ကမ္ဘာစျေးကွက် သို့ ချဲ့ထွင်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။ ပင်လယ်စာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးဦးစီးဌာန (PDSPKP) မှ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Erwin Dwiyana က EU ၏ ဖမ်းဆီးရမိမှု လက်မှတ် (Catch Certificate)၊ ပြုပြင်ထုတ်လုပ်မှုဆိုင်ရာ ထုတ်ပြန်ချက် စည်းမျဉ်းများနှင့် အမေရိကန်၏ ကုန်ပစ္စည်းလက်ခံနိုင်မှု လက်မှတ် (Certificate of Admissibility) သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရာတွင် တင်ပို့သူများကို ဝန်ကြီးဌာနက ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနသည် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးဌာန (NOAA) ၏ စည်းမျဉ်းအသစ်များကြောင့် ပို့ကုန်ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန်အတွက် အင်ဒိုနီးရှား၏ ပိုက်ဖြင့်ဖမ်းဆီးသော ဂဏန်းများ (Gillnet-caught crab) ကို အမေရိကန်က အတည်ပြုပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ အခြားသော လုပ်ဆောင်ချက်များတွင် ကုန်သွယ်ရေးမစ်ရှင်များ စေလွှတ်ခြင်း၊ နိုင်ငံတကာတွင် ထုတ်ကုန်များကို အရောင်းမြှင့်တင်ခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်ချင်း ချိတ်ဆက်ပေးသည့် ပွဲများ (Business Matchmaking) ကျင်းပခြင်းတို့ ပါဝင်သည်။ တင်ပို့သူများအနေဖြင့် အင်ဒိုနီးရှား-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IJ-EPA) အရ ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ် (Q1) အပြီးတွင် အကောင်အထည်ဖော်မည့် ပြုပြင်ပြီး တူနာငါးနှင့် ငါးကွမ်းရှပ်များအတွက် "သုညရာခိုင်နှုန်း အခွန်နှုန်းထား" (Zero-percent Tariffs) ကို အသုံးချရန် တိုက်တွန်းထားသည်။ မြောက်အမေရိက၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ယူရေးရှားနှင့် လက်တင်အမေရိကရှိ မိတ်ဖက်နိုင်ငံများနှင့်လည်း အခွန်နှုန်းထား လျှော့ချရေးအတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ ပင် လယ်စာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆.၂၇ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၂ ရာခိုင် နှုန်း တိုးတက်လာခဲ့သည်။ အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁.၉၉ ဘီလီယံ ရှိကာ ၎င်းအနက် ဒေါ်လာ ၁.၈၇ ဘီလီယံမှာ ပုစွန်တင်ပို့မှုမှ ရရှိခြင်းဖြစ်သည်။ အမျိုးသားစာရင်း အင်းဌာန (BPS) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အင်ဒို နီးရှား၏ ငါးလုပ်ငန်းကုန်သွယ်မှု ပိုလျှံမှု (Trade Surplus) မှာ ဒေါ်လာ ၅.၆ ဘီလီယံရှိခဲ့ပြီး ယခင် နှစ်ထက် ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။
Source : Antara
DOCA(ရန်ကုန်)
