
ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာထုတ်လုပ်မှုအနေဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့လျက်ရှိ ရာ ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၉၃ သန်းရရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလတွင် ၇၁ ရာခိုင်နှုန်း တိုးတက်လျက် ဝင်ငွေ ဒေါ်လာ ၁၅၉ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယား၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်များ စဉ်ဆက်မပြတ် တိုးမြှင့်ဝင်ရောက်လာခြင်းကြောင့် မော်တော်ကား တာယာထုတ်လုပ်မှုသည် နိုင်ငံ၏ ပြည်ပပို့ကုန်တိုးချဲ့တင်ပို့ရာတွင် အရေးပါသော မောင်းနှင်အားတစ်ခု ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် လက်ရှိတွင် Svay Rieng ၊ Preah Sihanouk နှင့် Kratie စသည့် ခရိုင်များ၌ မော်တော်ကားတာယာထုတ်လုပ်သည့် စက်ရုံ ၇ ရုံအား တည်ဆောက်ခွင့်ပေးထားကြောင်းသိရှိရသည်။
မကြာသေးမီက Svay Rieng တွင်ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တာယာ စက်ရုံ ဖွင့်ပွဲအခမ်းအနားတစ်ခု၌ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Sun Chanthol က မော်တော်ကားတာယာထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ တိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကားတာယာ ထုတ်လုပ် မှုတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်များ များပြားလာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အနာဂတ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အောင်မြင်မှုပြယုဂ်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ အောင်မြင်တိုးတက်နေခြင်းသည် ထုတ်ကုန်အမယ်များစွာ ထုတ်လုပ်ရေးနှင့် ဒေသတွင်း စီးပွားရေးတိုးချဲ့မှုကို အားပေးမြှင့်တင်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အပေါ် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားထားပါသည်။
ကားတာယာတင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ်၌ ဒေါ်လာ ၈၇၄ သန်းရရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၇.၈၆ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၁.၃၈ ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့် အောင်မြင်တိုးတက်မှု အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။
ပြည်ပတင်ပို့မှုတိုးမြှင့်ခဲ့သော်လည်း ကုန်ကြမ်းကဏ္ဍတွင် အပြောင်းအလဲကို ရင်ဆိုင်ခဲ့ရ ကြောင်း၊ သဘာဝရော်ဘာစေး ထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်က ၁၂.၃ ရာခိုင်နှုန်းဖြင့် တန်ချိန် ၃၄၄၀၀၀ နီးပါးကျဆင်းခဲ့ကြောင်း ရော်ဘာလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော် ပြထားပါသည်။ သဘာဝရော်ဘာစေး ထုတ်လုပ်မှုမှ အခွန်ရငွေ ဒေါ်လာ ၆၀၃ သန်းဖြင့် ၉ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် အဓိကအားဖြင့် ရော်ဘာကုန်ကြမ်းကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ် နိုင်ငံများသို့ စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။ သို့ရာတွင် ကုန်ကြမ်းတင်ပို့မှု ကျဆင်းလာမှုသည် ပြီးခဲ့သည့်နှစ်က ပြည်တွင်းရော်ဘာစေး အသုံးပြုမှု စုစုပေါင်း တန်ချိန် ၁၂၄၀၀၀ ဖြင့် ၁၄၆ ရာခိုင်နှုန်းတိုးတက်မှုနှင့် ညီမျှခဲ့ကြောင်း၊ နိုင်ငံ၏ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုပိုမိုများပြားလာမှုသည် ပြည်တွင်းတွင် ထုတ်လုပ်နေသည့် ကားတာယာစက်ရုံများကို များစွာထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Source : Khmer Times, February 21, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
