
လာအိုနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်စေရန် ရည်ရွယ်၍ "Lao MSME Expo 2026" စီးပွား ရေးပြပွဲကို ဗီယန်ကျင်းမြို့တော်၌ ဖေဖော်ဝါရီလ၂၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ပြပွဲ၏ အဓိကရည်ရွယ်ချက်များမှာ ပြည်တွင်း MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပြသရန်၊ စီးပွားရေးလုပ်ငန်းများ၏ မြင်သာမှုကို မြှင့်တင်ပေးပြီး ဈေးကွက်ချဲ့ထွင်နိုင်ရေး ကူညီပေးရန်။ ပြည်တွင်း/ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန်ဖြစ်သည်။ Lao Economic Daily ၏ ဖော်ပြချက်အရ အဆိုပါ ပြပွဲကို မတ်လ ၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြည်တွင်းမှ MSME လုပ်ငန်းများနှင့် ပြည် ပမှပါဝင်သူများ၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများပါဝင်သည့် ပြခန်းပေါင်း ၂၅၀ ကျော်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။ ထို့အပြင် ပြပွဲကာလအတွင်း လာအိုစီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်နိုင်မည့် Networking အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
