မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ၊ မိရိုးဖလာ နှီးဝါးလုပ်ငန်းလုပ်ကိုင်ကြသူများအနေဖြင့် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်းအမျိုးမျိုး ရက်လုပ်ရောင်းချခြင်း ဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
ဝါးခြင်းတောင်းရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့်ဝါးကို တောင်တွင်းကြီးမြို့ပေါ်ရှိ ဝါးဆိုင်များမှ အလွယ်တကူဝယ်ယူရရှိပြီး ဝါးတစ်လုံးကို ကျပ်(၁၀၀၀)ဝန်းကျင်ခန့် ပေးဝယ်ယူရပါသည်။ တောင်းရက်လုပ်ပြီးစီးမှုအနေဖြင့် တစ်နေ့လျှင် တောင်းအသေး(၄)လုံး၊ တောင်းအလတ် (၃) လုံး၊ အကြီး (၂)လုံး ရက်လုပ်ပြီးစီးပြီး ပုတ်တစ်လုံးကို တနေ့ကုန်ရက်လုပ်ရသည်ဟု သိရပါသည်။
ဝါးတစ်လုံးကို လိုအပ်သလိုခွဲခြမ်းစိတ်ဖျာ၍ တောင်းရက်လုပ်ရာမှာ တောင်းအသေး(၃)လုံး၊ အလတ်(၂)လုံး၊ အကြီး(၁)လုံးရရှိပြီး ပုတ်တစ်လုံးရရှိဖို့ ဝါးသုံးလုံးခန့် အသုံးပြုရပါသည်။ ဈေးနှုန်းအနေဖြင့် တောင်းအသေး(၁)လုံးကို ကျပ်(၃၅၀၀)၊ တောင်းအလတ်(၁)လုံးကို ကျပ်(၅၀၀၀)၊ တောင်းအကြီး(၁)လုံးကို ကျပ်(၇၀၀၀)၊ ပုတ်အသေး(၁)လုံးကို ကျပ်(၁၃၀၀၀)၊ ပုတ်အလတ် (၁)လုံးကို ကျပ်(၁၄၀၀၀)၊ ပုတ်အကြီး(၁)လုံးကို ကျပ်(၁၅၀၀၀) ဖြင့်ရက်လုပ်ပေးရကြောင်း ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် ဦးနိုင်ဦးထံမှသိရှိရပါသည်။
ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ဝါကြိတ်ဖတ်လုပ်ငန်းရှင် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဓိကအသုံးပြုပြီး ယခုကာလမှာ စပါးသီးနှံပေါ်ချိန်ဖြစ်သည့်အတွက် တောင်းများ၊ ပုတ်များအား အော်ဒါမှာယူမှုများ ဆက်တိုက်ရှိနေပြီး လက်မလည်အောင်ဆောင်ရွက်နေရကြောင်း သိရှိရပါသည်။
DOCA(မကွေး)
တောင်တွင်းကြီးမြို့နယ်မှ တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိ
Powered by Drupal