
လာမည့် လေးနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်နိုင်ခြေများရှိနေသဖြင့် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုကို ပံ့ပိုးနိုင်ရန် အစိုးရသစ်သည် နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် လာဘ်စားမှု ဖြေရှင်းရေးကို အဓိကအာရုံစိုက်သင့်ကြောင်း စီးပွားရေးပညာရှင် များက တိုက်တွန်းပြောကြားခဲ့ပါသည်။ Economic Society of Thailand မှ ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် Bangkok Bank ၏ အဓိကစီးပွားရေးပညာရှင် Kobsak Pootrakool က ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံ၏ အမေရိကန်သို့ ပို့ကုန်အပေါ် မှီခိုမှုကို လျှော့ချသင့်ကြောင်း အကြံပြုခဲ့ပါသည်။ Mr Kobsak လက်ရှိတွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းတင်ပို့မှုများအနက် အမေရိကန်သို့ တင်ပို့မှုသည် ၁၈ မှ ၂၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၎င်းကို ၁၀ ရာခိုင်နှုန်းဝန်းကျင်အထိ လျှော့ချသင့်ကြောင်း၊ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးသက်တမ်း ကျန်ရှိနေသည့် သုံးနှစ်အတွင်း ပိုင်ဆိုင်မှုနှင့် ကုန်ပစ္စည်း ဈေးနှုန်းများ မတည်ငြိမ်နိုင်ကြောင်း၊ သို့သော် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းလည်းရှိကြောင်း၊ အစိုးရအနေဖြင့် Board of Investment ကို အားကောင်းစေပြီး ဘတ်ဂျက်နှင့် လူအင်အား တိုးမြှင့်ပေးပါက ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ World Bank ၏ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Kiatpong Ariyapruchya ကလည်း ထိုင်းနိုင်ငံသည် FDI များ ပိုမို ဆွဲဆောင်နိုင်သည့် အလားအလာရှိကြောင်း သဘောတူညီခဲ့ပါသည်။ Mr Kiatpong က FDI ဝင်ရောက်မှုများကို အပြည့်အဝအသုံးချနိုင်ရန် အစိုးရအနေဖြင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထိရောက်မှုကို မြှင့်တင်ရမည်ဖြစ်ပြီး အဆင့်မြင့်စက်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ World Bank က ထိုင်းနိုင်ငံသည် စီးပွားရေးစနစ်အသစ်သို့ ပြောင်းလဲရန်လိုအပ်ကြောင်း အကြံပြုထားပြီး အစိမ်းရောင်ထုတ်လုပ်မှု (green manufacturing) နှင့် အဓိကမဟာဗျူဟာကဏ္ဍလေးခုဖြစ်သည့် အစားအစာနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးကဏ္ဍ၊ ဖန်တီးမှုဆိုင်ရာ စက်မှုလုပ်ငန်းများကို အာရုံစိုက်သင့်ကြောင်း အကြံပြုထားသည်ဟု သိရပါသည်။ Kiatnakin Phatra Financial Group ၏ ဥက္ကဋ္ဌ Banyong Pongpanich က ထိုင်းနိုင်ငံအနေဖြင့် Organisation for Economic Co-operation and Development (OECD) သို့ ဝင်ရောက်ရန်ကြိုးပမ်းမှုကို ထောက်ခံကြောင်းနှင့် OECD သို့ ဝင်ရောက်ရန် လာဘ်စားမှုပြသနာများကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဖိတ်ကြားချက်ရရှိပြီးနောက် OECD သို့ တရားဝင် ဝင်ရောက်နိုင်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း သိရပါသည်။ ၎င်းက နိုင်ငံ၏စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရအုပ်ချုပ်မှုစံနှုန်းများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် မြှင့်တင်ရန်ရည်ရွယ်ထားပြီး အလယ်အလတ်ဝင်ငွေအဆင့်မှ လွတ်မြောက်ကာ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထို့အပြင် အစိုးရသစ်အနေဖြင့် အစိုးရဌာနများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြန်လည်လျှော့ချသင့်ပြီး အချို့ကဏ္ဍများကို လွတ်လပ်သောပြိုင်ဆိုင်မှုဖြင့် ပြန်လည်ဖွင့်လှစ်ကာ ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးသင့်ကြောင်းလည်း Mr Banyong က အကြံပြုခဲ့ပါသည်။ Thailand Development Research Institute ၏ သုတေသနပညာရှင် Nipon Poapongsakorn က စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ လယ်သမားများ၏ ဝင်ငွေတိုးတက်စေရန် သီးနှံဈေးနှုန်း အာမခံမှုစနစ်များကို ဖယ်ရှားကာ နည်းပညာမြင့် သင်တန်းများဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ ထို့အပြင် smart farming နှင့် future food အပါအဝင် တန်ဖိုးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ၊ bio-industry များကို တိုးမြှင့်အားပေးရန် လိုအပ်ကြောင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် အရေးပါပြီး အစိုးရဌာနများက သင်တန်းများနှင့် ဆက်လက်ထောက်ပံ့မှုများ ပေးသင့်ကြောင်း Mr Nipon က ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
