
မလေးရှားနိုင်ငံသည် ထုတ်လုပ်မှုစရိတ်နှင့် ဈေးနှုန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်နေရသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် သစ်အခြေခံထုတ်ကုန် တင်ပို့မှုမှ ရင်းဂစ် ၃၂.၈ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။
မလေးရှားနိုင်ငံမှ ထုတ်လုပ်သော ပရိဘောဂများသည် အမေရိကန်၊ အရှေ့အလယ်ပိုင်း၊ သြစတြေးလျနှင့် အာဆီယံဈေးကွက်များတွင် လူကြိုက်များနေဆဲဖြစ်သော်လည်း အဆိုပါ အချက်တစ်ခုတည်းနှင့် မလုံလောက်ကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည်ကူးသန်းရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူးချုပ် Datuk Razali Mohamad က ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ပရိဘောဂကဏ္ဍသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေကြောင်း Razaliက အလေးပေးပြောကြားခဲ့ပါသည်။ အတွင်းရေးမှူးချုပ်၏ အဆိုအရ မလေးရှားနိုင်ငံ၏ သစ်နှင့် သစ်အခြေခံထုတ်ကုန် တင်ပို့မှုသည် နှစ်စဉ် ရင်းဂစ် ၂၀ ဘီလီယံကျော်ရှိပြီး လက်ရှိတွင် သစ်သားပရိဘောဂ တင်ပို့မှုသည် စုစုပေါင်း သစ်ထုတ်ကုန်တင်ပို့မှု၏ ၄၃ ရာခိုင်နှုန်းအထိ ရှိလာကြောင်း သိရပါသည်။ အဆိုပါ ရည်မှန်းချက် ပြည့်မီစေရန်အတွက် ဝန်ကြီးဌာနသည် မလေးရှားသစ်လုပ်ငန်းဘုတ်အဖွဲ့ (MTIB)၊ မလေးရှားသစ်ကောင်စီ (MTC) နှင့် မလေးရှားသစ် လက်မှတ်ထုတ်ပေးရေးကောင်စီ (MTCC) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မှုကို တိုးမြှင့်ရန်၊ ရေရှည်တည်တံ့သော သစ်တောလုပ်ငန်းစဉ်များကို ကျင့်သုံးရန်နှင့် မလေးရှားနိုင်ငံမှ ထုတ်လုပ်သောပရိဘောဂများ၏ ကမ္ဘာ့ဂုဏ်သတင်းနှင့် အရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ MIFF တည်ထောင်သူနှင့် ဥက္ကဋ္ဌ Datuk Dr Tan Chin က MIFF အနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီဖြစ်သော မလေးရှား ပြင်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း (Matrade) နှင့် မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် Matrade ၏ ကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်ရန်နှင့် ပြပွဲတွင် ပါဝင်သူများနှင့် ဝယ်ယူသူများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
