
ကင်ညာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များကို လာမည့် မေလ ၁ ရက်နေ့မှစတင်၍ တရုတ်ဈေးကွက်အတွင်းသို့ အခွန်ကင်းလွတ်ခွင့် (Duty-free) ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီးနောက်၊ ကင်ညာနိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော အာရှဈေးကွက်ကြီးဆီသို့ ပို့ကုန်များ အရှိန်အဟုန်ဖြင့် တင်ပို့နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဤလုပ်ဆောင်ချက်သည် အာဖရိကနိုင်ငံပေါင်း ၅၃ နိုင်ငံမှ တင်သွင်းကုန်စည်များအပေါ် အခွန်ကောက်ခံမှု ပယ်ဖျက်ရန် ဘေဂျင်းအစိုးရ၏ ပိုမိုကျယ်ပြန့်သော ဆုံးဖြတ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤမူဝါဒအပြောင်းအလဲသည် ကုန်သွယ်မှုစီးဆင်းမှုကို ပုံစံသစ်တစ်မျိုးဖြင့် ပြောင်းလဲစေနိုင်ပြီး အာဖရိကပို့ကုန်တင်ပို့သူများအတွက် ကမ္ဘာ့ဈေးကွက်တွင် ပိုမိုခိုင်မာသော ခြေကုပ်တစ်ခုရရှိစေမည်ဖြစ်သည်။ ယခင်က အခွန်နှုန်းထားအမျိုးမျိုး ပေးဆောင်ခဲ့ရသော လက်ဖက်၊ ကော်ဖီ၊ ထောပတ်သီးနှင့် မက္ကာဒေးမီးယား အစေ့အဆန်များ အပါအဝင် ကင်ညာထွက်ကုန်များ၏ ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်းကို ဤအခွန်ကင်းလွတ်ခွင့်စနစ်သစ်က သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု စိုက်ပျိုးရေးဝန်ကြီး Mutahi Kagwe က ပြောကြားခဲ့သည်။ "ကင်ညာနိုင်ငံအတွက်မူ ဤအပြောင်းအလဲသည် ကုန်သွယ်မှုပမာဏ တိုးတက်လာရုံသာမကဘဲ၊ ကုန်ကြမ်းတင်ပို့သည့်စနစ်မှ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများ တင်ပို့သည့်စနစ်သို့ ကူးပြောင်းရန်ဟူသော ၎င်းတို့၏ ရေရှည်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ လတ်ဆတ်သော ထောပတ်သီးများနှင့် အေးခဲထောပတ်သီးများမှစ၍ ပန်းပွင့်များ၊ ဟင်းသီးဟင်းရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင် များအထိ အကောက်ခွန် လုံးဝပေးဆောင်ရန် မလိုတော့ဘဲ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။ ယင်းက တင်ပို့သူများအတွက် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရန်နှင့် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန် တွန်းအားတစ်ရပ် ဖြစ်စေသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်ကြမ်းကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းကို ဦးစားပေးရန်နှင့် ပြည်တွင်း၌ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီး Kagwe က တိုက်တွန်းခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကာ ဝင်ငွေတိုးပွားစေပြီး ကျေးလက်စီးပွားရေးကို ခိုင်မာစေမည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရေးမှာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများကို တိကျစွာလိုက်နာမှုအပေါ်တွင် မူတည်နေကြောင်း ၎င်းက သတိပေးခဲ့သည်။ ထို့ကြောင့် ထုတ်လုပ်သူများနှင့် ထိန်းကျောင်းကြပ်မတ်သူများအနေဖြင့် ပိုးမွှားကင်းစင်ရေးဆိုင်ရာ သတ်မှတ်ချက်များ (Phytosanitary requirements) ကို ပြည့်မီစေရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤမူဝါဒသည် နာရိုဘီနှင့် ဘေဂျင်းအကြား မကြာသေးမီက ရရှိခဲ့သော သဘောတူညီချက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး၊ ကင်ညာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို ၎င်းတို့၏ ပို့ကုန်အခြေပြု စက်မှုထွန်းကားရေး မဟာဗျူဟာ၏ အဓိကမဏ္ဍိုင်အဖြစ် ဖော်ဆောင်ရန် မျှော်လင့်ထားသည်။ ကင်ညာနိုင်ငံသည် လွန်ခဲ့သောနှစ်အတွင်းက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၄ သန်းဖိုးရှိ ကော်ဖီနှင့် လက်ဖက်ခြောက်များ တင်ပို့ခဲ့သည့်အပြင်၊ ဒေါ်လာ ၂၀ သန်းဖိုးနီးပါးရှိသော ထောပတ်သီးနှင့် မက္ကာဒေးမီးယား အစေ့အဆန်များကိုလည်း တင်ပို့ခဲ့ရာ စိုက်ပျိုးရေးကုန်သွယ်မှုတွင် တဖြည်းဖြည်း တိုးတက်လာမှုကို မီးမောင်းထိုးပြနေသည်။ ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Guo Haiyan က ကင်ညာထွက်ကုန်များသည် တရုတ်စားသုံးသူများအကြား လူသိများ အသိအမှတ်ပြုလာကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဈေးကွက်ဝင်ရောက်ခွင့်၊ နည်းပညာလွှဲပြောင်းပေးမှုနှင့် လုပ်နိုင်စွမ်းရည် မြှင့်တင်ရေးတို့တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ အာဖရိကနိုင်ငံများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သော သီးနှံများကို ပိုမိုထုတ်လုပ်ပြီး တန်ဖိုးမြှင့်ကုန် ချောများအဖြစ် အသွင်ပြောင်းနိုင်မည်ဆိုပါက ဤအခွန်ကင်းလွတ်ခွင့်စနစ်သည် အချိုးအကွေ့ တစ်ခုဖြစ်လာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုကြသည်။ ဤမူဝါဒသည် ပို့ကုန်မြှင့်တင်ရေးနှင့် စက်မှုထွန်းကားရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖန်တီးပေးခြင်းဖြစ်ကြောင်း Patrick Lumumba က ပြောကြားခဲ့သည်။ သို့သော်လည်း ဤအကျိုးကျေးဇူးကို အပြည့်အဝ ခံစားနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် မိမိတို့၏ စီးပွားရေးစနစ်ကို ပိုမိုကောင်းမွန်အောင် စုဖွဲ့ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value addition) ထုတ်လုပ်ခြင်းကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်ဟု သိရှိရပါသည်။
Source : africa.businessinsider.com
DOCA(ရန်ကုန်)
