တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ ဇရစ်ရိုးများဈေးနှုန်းကျဆင်း

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ ဇရစ်ရိုးများ ဈေးနှုန်းကျဆင်းသွားပါသည်။ ဇရစ်ရိုးမှာ ကင်ပွန်းချဉ်ရွက်နှင့် တွဲဖက်၍ ကြော်စားပါက နွေရာသီတွင် ချဉ်ချဉ်လေးနှင့် ခံတွင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်ပါသည်။ ဇရစ်ရိုးအား မန်ကျည်းမှည့်နှင့်ပြုတ်၍ တို့စရာအဖြစ်လည်း စားသုံးရပါသည်။ ဇရစ်ရိုးသည် စိုစွတ်သောတောင်ပေါ်ဒေသများတွင် သဘာဝအလျောက် ပေါက်သောအပင်တစ်မျိုး ဖြစ်ပါသည်။ ဇရစ်ရိုးအား စားသုံးပေးခြင်းဖြင့် လည်ပင်းနာခြင်း၊ ပန်းနာ ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

          ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသ ဖြစ်သောကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများ နံဘေးတွင် သဘာဝအလျောက်ပေါက်ရောက်သော ဇရစ်ရိုးများပေါများလှပါသည်။ ဒေသခံပြည်သူများအနေဖြင့် ယင်းဇရစ်ရိုးများအားချိုးယူ၍ ရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးဖြစ်ထွန်းလျက်ရှိပါသည်။ လိပ်သိုဒေသမှထွက်ရှိသော ဇရစ်ရိုးအများစုမှာ တောင်ငူမြို့တွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။

          ဇရစ်ရိုးဈေးနှုန်းအနေဖြင့် ပေါ်ဦးပေါ်ဖျားဖြစ်သော ဖေဖော်ဝါရီလတွင် အရိုးတုတ် (၅) ချောင်းပါ တစ်စည်းလျှင် (၁၅၀၀) ကျပ်ဖြင့် ဈေးကောင်းရလျက်ရှိရမှ ယခု မတ်လ(ဒုတိယပတ်)တွင် ဇရစ်ရိုး အကြီး၊ အသေး (၁၀) ချောင်းပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်ဖြင့် ဈေးနှုန်းကျဆင်း သွားလျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ကုန်ဈေးရောင်းချသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)