အမေရိကန်-အီရန် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန (DA) သည် လယ်သမား နှင့် ရေလုပ်သားများအတွက် သမ္မတ၏ ကူညီစောင့်ရှောက်ရေး အစီအစဉ် (PAFFP) မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ လယ်သမားများနှင့် ရေလုပ်သားများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အစီအစဉ်တွင် ပီဆို ၁၀ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော စပါး၊ ပြောင်းနှင့် ကြံစိုက်တောင်သူများအပြင် ရေလုပ်သားများကိုပါ တစ်ဦးလျှင် ပီဆို ၂,၃၂၅ နှုန်းဖြင့် အကန့်အသတ်မရှိ ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်းနှင့် ၎င်းမှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ အတွင်း မြင့်တက်လာသော စိုက်ပျိုးထုတ်လုပ်စရိတ်ဒဏ်ကို သက်သာစေရန်နှင့် ၎င်းတို့၏ ထုတ်လုပ် နိုင်စွမ်းအားကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနသည် အတွင်းဝန် Francisco Tiu Laurel Jr. လက်မှတ်ရေးထိုးထား သော ၂၀၂၆ ခုနှစ် စာချွန်လွှာကို ၁၈-၃-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန် ချက်တွင် PAFFP အစီအစဉ်အတွက် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ် လမ်းညွှန်ချက်များ ပါဝင်သည်။
ဤအစီအစဉ်၏ အကျိုးခံစားခွင့်ရရှိရန်အတွက် စပါးစိုက်တောင်သူများသည် စပါးစိုက်ပျိုးမှု ကို လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည့်အပြင် စိုက်ပျိုးမြေ ဧရိယာ ၂ ဟက်တာထက် မပိုသူများ ဖြစ်ရမည်ဖြစ်ပြီး အလားတူ ပြောင်းနှင့် ကြံစိုက်တောင်သူများသည်လည်း ပြောင်း သို့မဟုတ် ကြံ စိုက်ပျိုးထုတ်လုပ်မှုအား လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် တောင်သူ အားလုံးသည် စိုက်ပျိုးရေးဝန်ကြီးဌာန၏ လယ်ယာစိုက်ပျိုးရေး အခြေခံကဏ္ဍများအတွက် မှတ်ပုံ တင်စနစ် (RSB SA) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။ ရေလုပ်သားများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ RSBSA မှတ်ပုံတင်စနစ်တွင် ပါဝင်ရမည့်အပြင် ငါးလုပ်ငန်းဦးစီး ဌာန၏ ရေယာဉ်မှတ်ပုံတင်စနစ် (Boat Registration) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရ မည်။ ထို့ပြင် ငါးဖမ်းလုပ်ငန်းများကိုလည်း လက်တွေ့တက်ကြွစွာ လုပ်ကိုင်နေသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများသည် ကမ္ဘာ့ဈေးကွက်တွင် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး စက်သုံးဆီ၊ မြေသြဇာ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသော စိုက်ပျိုးရေးထုတ်လုပ်မှု သွင်းအားစုများ၏ ဈေးနှုန်းကို မြင့်တက်လာစေခဲ့သည်။ ထိုကဲ့သို့ ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းသည် ပြည်တွင်း စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း ကဏ္ဍများကို တိုက်ရိုက် သက်ရောက်မှုရှိစေကာ စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေး၊ လယ်သမားနှင့် ရေလုပ်သားများ၏ ဝင်ငွေတည်ငြိမ်ရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက မှတ်ချက်ပြုထားကြောင်း သိရသည်။
PAFFP အစီအစဉ်သည် အခက်အခဲများဖြစ်ပေါ်ချိန်နှင့် အချိန်ကိုက်ဖြစ်ပြီး တိကျသေချာ သော ငွေကြေးဆိုင်ရာ ကုစားမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း ထုတ်လုပ်မှု အပေါ် ကျရောက်လာသော ရိုက်ခတ်မှုများကို လျှော့ချရန် လယ်သမားများနှင့် ရေလုပ်သားများ၏ ခံနိုင်ရည်စွမ်းကို မြှင့်တင်ရန်နှင့် ဈေးကွက်မတည်ငြိမ်မှုနှင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာမှုများ ကြားမှ ဒေသတွင်းစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထုတ်လုပ်မှုကို ရေရှည်တည်တံ့စေရန် ရည်ရွယ်သည် ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ငွေကြေးထောက်ပံ့မှုများကို စိုက်ပျိုးရေးဝန်ကြီးဌာန၏ Interventions Monitoring Cards (E-wallet) များမှ တစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ မှတ်ပုံတင်ထားသော လယ်သမားများ နှင့် ရေလုပ်သားများသည် ၎င်းကတ်များကို ဘက်စုံသုံးသက်သေခံကတ်အဖြစ် အသုံးပြုနိုင်သည့် အပြင် ငွေထုတ်စက် (ATM) များမှ တစ်ဆင့် ငွေထုတ်ယူခြင်းနှင့် အွန်လိုင်းဘဏ်စနစ် (Online Banking) မှတစ်ဆင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာန (Field Operations Service) သည် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် DA ၏ ဒေသဆိုင်ရာကွင်းဆင်းရုံးများ၊ သက်ဆိုင်ရာ ဌာနခွဲများနှင့် လက်အောက်ခံအေဂျင်စီများ၊ ဒေသန္တရအစိုးရအဖွဲ့များ (LGUs) နှင့် အခြားသော သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ ထို့ပြင် ဘတ်ဂျက်နှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာန (DBM) မှ ငွေသား ခွဲဝေချထားပေးခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of Cash Allocation) ကို ခွင့်ပြုချက် ပေးအပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဤအစီအစဉ်ကို ချက်ချင်းစတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
ဤအစီအစဉ်ကို ၂၀၂၆ ခုနှစ် အမျိုးသားဘတ်ဂျက်ဥပဒေ (General Appropriations Act) တွင် ပြဌာန်းထားသည့် ရန်ပုံငွေသက်တမ်းကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်သည်။ လိုအပ်ပါက စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာနမှ ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်၍ ယင်းကာလကို ထပ်မံတိုးမြှင့်နိုင်ကြောင်း သိရှိရပါသည်။
Source: Manila Times, March 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
