ပြည်တွင်းကော်ဖီစားသုံးမှုနှင့်ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေး

Powered by Drupal

           မြန်မာ့ကော်ဖီသည် အရည်အသွေးမြင့်မားလာသောကြောင့် နိုင်ငံတကာဈေးကွက်တွင် နေရာ ရရှိလာပြီး ပြည်ပပို့ကုန်အဖြစ်လည်း တင်ပို့လာနိုင်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ကော်ဖီကဏ္ဏ သည် ယခင်က မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ရာမှ ယခုအခါ ကမ္ဘာ့အဆင့်မီအထူးတန်းဝင်ကော်ဖီ အဖြစ် ပြည်ပဈေးကွက်သို့ ထိုးဖောက် လာနိုင်ပြီဖြစ်သည်။ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များမှ ကိုယ်ပိုင် အမှတ်တံဆိပ်များဖြင့် ကော်ဖီထုတ်လုပ်လာခြင်းက ပြည်တွင်း စားသုံးသူများအတွက် ရွေးချယ်စရာ များပြားလာစေပါသည်။

          မြန်မာ့ကော်ဖီကို အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများနှင့်တောင်ကိုရီးယားနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပြီး အထူးသဖြင့်ရှမ်းကုန်းပြင်မြင့်ဒေသမှ ထွက်ရှိသော အာရေဗီးကားကော်ဖီ အမျိုးအစားသည် နိုင်ငံတကာ အသိအမှတ်ပြုအမှတ်ပေး စနစ်များတွင် အမှတ်ကောင်းများရရှိ ထားသည်။ ယခင်က အသင့်ဖျော်ကော်ဖီမစ်များကို အဓိကသောက်သုံးခဲ့ကြသော်လည်း ယခုအခါ ပြည်တွင်းရှိ ကော်ဖီနှစ်ခြိုက် သူများအကြား သဘာဝကော်ဖီစစ်စစ်ကိုသာ သောက်သုံးမှုပိုမိုများပြား လာကြသည်။ မြို့ကြီးများ၌ အရည်အသွေးမြင့်ကော်ဖီဆိုင်များ တိုးပွားလာခြင်းသည် ပြည်တွင်းထွက် ကော်ဖီစေ့များအတွက် ခိုင်မာသော ဈေးကွက်တစ်ခုဖြစ်လာသည်။

         မြန်မာ့ကော်ဖီကို ပြည်ပသို့တင်ပို့ရာတွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိုက်ပျိုးမှုစနစ်ကောင်းများကိုအခြေခံသည့် အသိအမှတ်ပြုလက်မှတ်များရရှိထားရန်မှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်လာသည်။ ကော်ဖီကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးစရိတ်နှင့် နည်းပညာ အခက်အခဲများရှိနေသော်လည်း ဌာနဆိုင်ရာများနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းကာ အရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့်ဈေးကွက်ချိတ်ဆက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ကော်ဖီကို ကမ္ဘာ့အဆင့်မီထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အရည်အသွေးစံချိန်စံညွှန်းကို တစိုက်မတ်မတ် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကော်ဖီလုပ်ငန်းရှင်များအသင်းမှ တိုက်တွန်းထားကြောင်းလည်း သိရသည်။

DOCA(ပဲခူး)