ဗီယက်နမ်နိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ ပွင့်လင်းမြင်သာမှုနှင့် တန်ဖိုးမြှင့်တင်ရန် Blockchain နှင့် AI နည်းပညာကို အသုံးပြုမည်

Powered by Drupal

      ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကြောင့် ကြီးမားသော အသွင်ကူးပြောင်းမှုတစ်ခုကို လုပ်ဆောင်နေသည်။ အထူးသဖြင့် Blockchain နှင့် AI (ဥာဏ်ရည်တု) နည်းပညာများကို ထုတ်ကုန်ဇာစ်မြစ် လိုက်လံစုံစမ်းခြင်း (Traceability) ကဏ္ဍတွင် အသုံးပြုခြင်းဖြင့် အချက်အလက်ရယူခြင်းကို တိုးမြှင့်ကာ စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံ၏ အဓိက “မဏ္ဍိုင်” တစ်ခုအဖြစ် ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်း စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀.၀၉ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းမှာ အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ဒေါ်လာ ၆၅ ဘီလီယံကို ကျော်လွန်ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးပို့ကုန်တန်ဖိုး ဖြစ်လာခဲ့ကြောင်း သိရသည်။

         တောင်ပိုင်းဒေသဆိုင်ရာ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနရုံးမှ ဒုတိယအကြီးအကဲ Mr. Le Viet Binh က အနာဂတ်တိုးတက်မှုသည် စိုက်ပျိုးမြေချဲ့ထွင်ခြင်း သို့မဟုတ် အထွက်နှုန်းတိုး ရုံမဟုတ်ဘဲ ထုတ်ကုန်များ၏ အချက်အလက်မှန်ကန်မှုများမှ ရရှိလာမည့် တန်ဖိုးမြှင့်တင်မှုအပေါ်မှာ မူတည်နေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အဆိုအရ ၂၀၂၆ ခုနှစ်တွင် ပို့ကုန်ရည်မှန်းချက်ကို ဒေါ်လာ ၇၅ ဘီလီယံ နှင့် ၂၀၃၀ တွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိရရှိရန် လျာထားကြောင်း သိရသည်။

         ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များသည် ကမ္ဘာ့ဈေးကွက်တွင် ကုန်ကြမ်းအဖြစ်သာ အများဆုံးတင်ပို့နေရခြင်း၊ ဈေးနှုန်းကစားခံရခြင်းနှင့် ထုတ်ကုန်ဇာစ်မြစ်ကို ခြေရာခံရန်ခက်ခဲခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၎င်း ပြဿနာများကို ဖြေရှင်းရန်အတွက် Exabyte ကုမ္ပဏီက “Agrichain” ဟုခေါ်သော Blockchain အခြေခံ ထုတ်ကုန်ဇာစ်မြစ် ခြေရာခံခြင်းစနစ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

         စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသူလက်ဝယ်အထိ အဆင့်တိုင်းကို QR Code နှင့် Blockchain နည်းပညာသုံးကာ အချက်အလက်များကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။ AI နည်းပညာဖြင့် ရာသီဥတုခန့်မှန်းခြင်း၊ ပိုးမွှားရှာဖွေခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချပေးမည်ဖြစ်သည်။ ထုတ်ကုန်များ၏ အရွယ်အစား၊ အချိုဓာတ်နှင့် လတ်ဆတ်မှုတို့ကို နိုင်ငံတကာစံနှုန်းအတိုင်း အလိုအလျောက် အဆင့်ခွဲခြားပေးခြင်းဖြင့် တောင်သူများအတွက် ပိုမိုကောင်းမွန်သော ဈေးနှုန်းများရရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

​Source : Vn Economy                                                                         

DOCA (ရန်ကုန်)